ငလျင်ဒုက္ခသည်များအတွက် အာဏာပိုင်များမှတဆင့် လှူဒါန်းနေရ

2011-03-28

တာလေ၊ မိုင်းလင်း ဒေသက ငလျင်ဒဏ်သင့် ပြည်သူတွေကို အနီးတဝိုက် မြို့တွေက ကယ်ဆယ်ရေး ပစ္စည်းတွေ ဆက်လက် ပေးအပ်နေကြရာမှာ အများစုက စစ်တပ်အာဏာပိုင်တွေက ဖွင့်ထားတဲ့ ကယ်ဆယ်ရေး ဌာနတွေကနေတဆင့် လှူဒါန်းနေကြရပြီး တချို့ကတော့ နီးစပ်ရာ နေရာတွေကို တိုက်ရိုက် လှူဒါန်းကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

Photo: AFP

မတ်လ ၂၄ ရက်နေ့က မြေငလျင် လှုပ်သွားပြီးနောက် ရှမ်းပြည်နယ် တာလေမြို့တွင် ထောက်ပံ့ကူညီရေး ပစ္စည်းများ သယ်လာသည့် ဒုက္ခသည် တဦးကို ပြိုကျပျက်စီးနေသော အဆောက်အအုံများ အနီး တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ကျိုင်းတုံဈေးသူ ဈေးသားတွေနဲ့ မြို့ခံတွေကလည်း ဆန်နဲ့ အခြားပစ္စည်းတွေ အမြောက်အမြား သွားလှူကြတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျိုင်းတုံ မြို့မိမြို့ဖတဦးဖြစ်တဲ့ ဆရာဦးဇော်မင်းက အခုလို ပြောပါတယ်။

“ကျွန်တော် ၂၅ နဲ့ ၂၆ ရက်နေ့ နှစ်ရက်မှာ ဆန်အိတ်ပေါင်း ၆၇ အိတ်နဲ့ အခြား ကယ်ဆယ်ရေး ပစ္စည်း အစုံပေါ့လေ၊ အာဟာရ၊ ရိက္ခာ၊ အဝတ်အထည် အစုံ သိန်း ၄၀ လောက် ကျွန်တော်တို့ ရပါတယ်။ နောက် ငွေသား သိန်း ၂၀ နဲ့ ကျွန်တော်တို့ ၂၆ ရက် မွန်းလွဲမှာပဲ ကျွန်တော်တို့ သွားပြီးတော့မှ ကယ်ဆယ်ရေး စခန်းကို သွား လက်ပြောင်းလက်လွှဲ လုပ်ပြီး လှူဒါန်းပေးခဲ့ပါတယ်။ ကျွန်တော်တို့ ကယ်ဆယ်ရေးစခန်းတွေကို သွားရောက် လှူဒါန်းပြီး အဲဒီကနေမှ သူတို့ စီမံခန့်ခွဲပြီးတော့မှ လိုအပ်သလို ဖြန့်ချိတဲ့ camp ကို သွားတာ ရှိပါတယ်။ တချို့ကျတော့ မိမိအစီအစဉ်နဲ့ ကျေးရွာတွေကို ဝင်ပြီးတော့မှ၊ တချို့ကကျတော့ အသိအကျွမ်းရှိတယ် ဆွေမျိုး မိတ်ဆွေရှိတယ် နောက် ဘုန်းကြီးကျောင်းတွေနဲ့ ပတ်သက်ပြီးတော့မှ ကိုးကွယ် ဆည်းကပ်ဖူးတဲ့ ဘုန်းကြီးကျောင်းတွေ ရှိလို့ အဲဒီလို တိုက်ရိုက် ဝင်သွားတာတွေလည်း ရှိပါတယ်။”

လောလောဆယ်မှာ ငလျင်ကြောင့် ဒဏ်ရာရထားတဲ့ လူနာ ၆ ဦးလည်း ကျိုင်းတုံဆေးရုံကို ရောက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီဒေသမှာ ရာသီဥတု အေးနေတဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲ တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒုက္ခသည်တွေအတွက် တာချီလိတ်၊ ကျိုင်းတုံမြို့တွေအပြင် မယ်ဆိုင်မြို့ကလည်း ကယ်ဆယ်ရေးပစ္စည်းတွေ လှူကြတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်