အဲဒီ အခမ်းအနားမှာ ‘စစ်အစိုးရရဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြ’ ဆိုတဲ့ ကြွေးကြော်သံ စာသားကို နောက်ခံ ပိတ်ကားမှာ ရေးသားထားတာနဲ့ ပတ်သက်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက အခုလို ပြောပါတယ်။
“ကျနော်တို့က ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ရမှာ ဖြစ်သလို ရွေးကောက်ပွဲရလဒ်ကိုလည်း ဆန့်ကျင်ဖို့ လိုတယ်၊ အဲဒီလို တက်လာတဲ့ အစိုးရကလည်းပဲ ၂၀ဝ၈ အခြေခံဥပဒေကို ကိုင်ပြီး ပြည်သူကို ဖိနှိပ်တော့မှာဖြစ်တဲ့အတွက် ၂၀ဝ၈ အခြေခံဥပဒေကိုပါ ဆန့်ကျင်တိုက်ဖျက်ရေးဆိုတဲ့ ကြွေးကြော်သံကို တင်ထားပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ဆိုလို့ရှိရင်တော့ မဲရုံကို မသွားဘူး မဲသွားမပေးဘူးဆိုတဲ့ နည်းနားဟာ အကောင်းဆုံး ဆန့်ကျင်တဲ့နည်းလို့ ကျနော်တို့ မြင်ပါတယ်။ ရွေးကောက်ပွဲဝင်ကြမဲ့ ပါတီတွေအနေနဲ့ကလည်းပဲ မိမိသွားနေတဲ့လမ်းကြောင်းဟာ ထွက်ပေါက်အစစ် မဟုတ်ဘူး ထွက်ပေါက်အတုသာ ဖြစ်တယ်ဆိုတဲ့ဥစ္စာ နားလည်ပြီးတော့မှ ဒီရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်း မလုပ်ပဲ အားလုံး သပိတ်မှောက်လိုက်တဲ့နည်းနဲ့ ဒီအတုအယောင် ရွေးကောက်ပွဲကြီးကို ဖျက်သိမ်းပစ်လိုက်သင့်တယ်လို့ ကျနော်တို့ အကြံပေးချင်ပါတယ်။”
အခမ်းအနားမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီရဲ့ ၂၂ မြောက် ပါတီမွေးနေ့ အထိမ်းအမှတ် တင်ပြချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတင်ပြချက်မှာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေးပါတီကိစ္စဆိုပြီး ခေါင်းစဉ်နှစ်ခုနဲ့တင်ပြထားပါတယ်။
ရွေးကောက်ပွဲကိစ္စမှာ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ စစ်အာဏာရှင်စနစ်ကို မဲပေးရွေးချယ်ရမဲ့ စစ်အုပ်စု စိတ်ကြိုက် ဖန်တီးထားတဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ တိုင်းရင်းသားအရေးတွေ ပေါ်ပေါက်လာဖို့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို လူမျိုးပေါင်းစုံ ပြည်သူများအနေနဲ့ သပိတ်မှောက်ကြပါလို့ တိုက်တွန်းထားပါတယ်။
နိုင်ငံရေးပါတီကိစ္စမှာတော့ နိုင်ငံရေးသမားတိုင်းနဲ့ နိုင်ငံရေးပါတီတိုင်းဟာ မြေအောက်ပါတီ စည်းရုံးရေးလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ထားရှိဖို့ လိုအပ်တယ်၊ စစ်အုပ်စုအလိုကျ မလုပ်လို့ စစ်အုပ်စုက လက်နက်နဲ့ အကြမ်းဖက် ဖိနှိပ်လာရင် လက်နက်စွဲကိုင် ခုခံတော်လှန်ရမယ် ဒီလို ခုခံတော်လှန်တာဟာ တရားမျှတတယ်ဆိုတဲ့ သဘောထားနဲ့ ရွေးလမ်းကို ဖွင့်လှစ်ထားရှိဖို့ လိုအပ်တယ်။ အဲဒီ ၂ ချက် မရှိရင် စစ်အုပ်စုက ပြုသမျှနုရတဲ့ဘဝနဲ့ ပြည်သူကို ထိထိရောက်ရောက် စည်းရုံးနိုင်မှာ မဟုတ်ဘူးလို့ အကြံပြုထားပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ၂၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ တပ်ပေါင်းစု ခေါင်းဆောင်တွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးက ခေါင်းဆောင်တွေ အပါအဝင် လူငယ် ပရိသတ် စုစုပေါင်း ၆၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။