မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာ တရားမဝင် နယ်မြေကျူးကျော်ပြီး ကျောက်မီးသွေး တူးဖော်နေသူတွေကို စုံစမ်းစစ်ဆေးနေတာကြောင့် လုပ်ငန်းရှင်တွေ ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က ပြောပါတယ်။
လုပ်ငန်းရှင်တွေက အသိမိတ်ဆွေတွေကနေတဆင့် ခြိမ်းခြောက်ပြောဆိုနေတာ ဖြစ်တယ်လို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။
"ကျနော့်ဆီကို တိုက်ရိုက်သတ်မယ်ဖြတ်မယ် ဆိုတာတော့ မရှိဘူး၊ သူတို့စီးပွားရေးကို ထိခိုက်လို့ရှိရင် အန္တရာယ်ရှိတယ်ပေါ့လေ၊ နည်းနည်းလေးခြိမ်းခြောက်တဲ့ သဘောမျိုးလေးပြောတာပေါ့၊ ဘယ်သူဘယ်ဝါ ဆိုတာတေ့ာ မပြောလိုဘူးဗျ"
အဲဒီလိုခြိမ်းခြောက်ခံနေရတဲ့ အခြေအနေကို ပြီးခဲ့တဲ့ဇွန်လ ၂၀ ရက်နေ့က မကွေးတိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိအောင် အသိပေးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုဟာ စီးပွားရှာနေတယ်ဆိုပြီး ကန့်ကွက်ဆန္ဒပြဖို့ လိုတယ်ဆိုတဲ့ လှုံ့ဆော်တဲ့စာရွက်တွေကို မကွေးမြို့ဗိုလ်ချုပ် ပန်းခြံအနီးနဲ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖြန့်ဝေနေတာတွေလည်း ရှိနေပါတယ်။ မကွေးတိုင်း ဝန်ကြီးချုပ်အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေအနေနဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိလာမယ်ဆိုရင် ဝန်ကြီးချုပ်က တာဝန်ခံမှာဖြစ်ပြီး ရာထူးကနေနှုတ်ထွက်ပေးဖို့ လိုအပ်ရင်လည်း နှုတ်ထွက်ပေး မှာဖြစ်တယ် လို့ ဒေါက်တာအောင်မိုးညို က ပြောပါတယ်။
အဲဒီလှုံ့ဆော်စာတွေကို ဘယ်သူတွေဖြန့်ဝေနေတယ်ဆိုတာ မသိရှိရသေးကြောင်း ဒေါက်တာအောင်မိုးညို က ပြောပါတယ်။
အရင်မကွေးတိုင်းအစိုးရလက်ထက်က ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာမှာ တိုက်နယ် ဆေးရုံတစ်ခု တည်ဆောက်ဖို့ ဘဏ္ဍာငွေချထားပေးခဲ့တာကို အခုအစိုးရသစ်လက်ထက်မှာ ဆက်သွယ်ရေး ပိုမိုခက်ခဲ့တဲ့ သရက်တောကျေးရွာမှာ ပြောင်းရွှေ့ဆောက်လုပ်ဖို့ စီစဉ်နေတာကို မကျေနပ်သူတွေ ရှိနေတယ် လို့ ဒေါက်တာအောင်မိုးညို က ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။