အစိုးရဝန်ထမ်းတွေရဲ့ ဆောင်ရွက်ချက်တွေအပေါ် အဆင်မပြေမှုတွေကို ဥပဒေနဲ့အညီ တိုင်ကြားနိုင်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။
ဒီနေ့ မန္တလေးအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အသင်းအဖွဲ့တွေ အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေက အစိုးရအောက်ခြေဝန်ထမ်းတွေရဲ့ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေရှိနေတာကို တင်ပြရာမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောတာဖြစ် ပါတယ်။
"ဝန်ထမ်းတွေဘက်ကလည်း ပြောင်းလဲရမယ်၊ အဲ့ဒါကြောင့်မို့ စိတ်ရှည်ပြီးတော့ တွဲလုပ်ပါ၊ အခုလုပ်မပေးဘူး၊ ထပ်တိုင်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ကိုလည်း တိုင်နိုင်ပါတယ်၊ ပြည်သူ့အကျိုးပြုကို မလုပ်နိုင်ဘူး၊ စွမ်းဆောင်ရည် မရှိဘူးဆိုလို့ရှိရင် ဝေဖန်လို့လည်းရပါတယ်၊ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်မျိုးကို ကျနော်တို့ အမြဲတမ်းကြိုဆိုနေမယ်၊ ဒါပွင့်ပွင့်လင်းလင်း ကျနော်ပြောတာ"
အရပ်ဘက်အဖွဲ့တွေအနေနဲ့ မန္တလေးတိုင်းအတွင်းမှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့အတွက် အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ စီစဉ်ထားကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်လာသူတွေက သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ဖြေရှင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး အစိုးရဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက် နှောင့်နှေးနေတာတွေကို တင်ပြခဲ့ပါတယ်။
တွေ့ဆုံပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများကွန်ရက်၊ ရှေ့နေ များကွန်ရက်၊ စိမ်းလန်းပြင်ဦးလွင်၊ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ စတဲ့အသင်းအဖွဲ့ ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။
