၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းထဲမှာပါတဲ့ အချက်တွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီးကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေ ကျင်းပချိန်ရောက်မှသာ အကျိုး သက်ရောက်မှုရှိမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စု လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက တင်ပြခဲ့တာပါ။
"အဆိုတင်သွင်းထားတဲ့ ပုဒ်မ ၄၃၆ ပုဒ်မခွဲ က နဲ့စပ်လျဉ်းတဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၆၃၄ ဦးအနက် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပါက ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၇ဝ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄ဝ အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲကိုလည်း ရရှိရန်လိုအပ်မှာဖြစ်ပါတယ်၊ ယင်းအချက်များနဲ့ ပြည့်စုံပါက ပုဒ်မ ၄၃၆ ပုဒ်မခွဲ က နဲ့စပ်လျဉ်းပြီး ပြင်ဆင်သည့်ဥပဒေကြမ်း အပုဒ် ၅ ခု ရဲ့ ပြင်ဆင်ချက်များ အတည်မှာဖြစ်ပြီး အကျိုးသက်ရောက်မှုအနေနဲ့ကတော့ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲကျင်းပပြီး ဒုတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန်အစည်းအဝေးများ စတင်ကျင်းပသည့်အချိန်မှစပြီး အာဏာသက်ရောက်မှာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်"
အခုပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားတဲ့ ဥပဒေမူကြမ်းအပေါ်ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ လာမယ့်ဇွန်လ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်း တင်သွင်းရမှာဖြစ်ပါတယ်။
အဲဒီမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်တဲ့အခါ စက်ခလုပ်နှိပ်မဲပေးမယ်ဆိုရင် သံသယရှိဖွယ်ဖြစ်လာနိုင်တာကြောင့် ပွင့်လင်းမြင်သာမှုရှိအောင်ဆောင်ရွက်ပေးဖို့ကိုလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီက အကြံပြုထားပါတယ်။
ဒါ့အပြင် မဲခွဲဆုံးဖြတ်ရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော်က ထောက်ခံမှသာ အကြံပြုပြင်ဆင်ချက်တွေဟာ အတည်ဖြစ်မှာပါ။ လက်ရှိပြည်ထောင်စုလွှတ်တော်တစ်ခုလုံးမှာ ကိုယ်စားလှယ် ၆၃၄ ရှိပြီး အများစုက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
အဲဒီတင်ပြထားတဲ့ ပြင်ဆင်ရေးမူကြမ်းမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉(စ)မှာ မူလပြဌာန်းချက်ထဲက သမ္မတအဖြစ်ရွေးချယ်ခံမယ့်သူရဲ့ ချွေးမနဲ့သားမက်ဟာ နိုင်ငံခြားသားမဖြစ်ရဆိုတဲ့ အချက်ကို ဖြေလျှော့ထားပါတယ်။
ဒါ့အပြင် ဖဲ့ွစည်းပုံပြင်ဆင်ဖို့အတွက် အရေးကြီးတဲ့ ပုဒ်မ ၄၃၆ (က)မှာ အရင်က လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော်က သဘောတူမှ ပြင်ဆင်နိုင်မယ်လို့ ပြဌာန်းထားတာကို ၇၀ % အောက်မလျော့သော ကိုယ်စားလှယ်တွေက ထောက်ခံရင် ပြင်ဆင်နိုင်မယ်လို့ ပြင်ဆင်ထားပါတယ်။
