တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်း ရရှိပြီ

အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ အကြား လေးရက်ကြာဆွေးနွေးပွဲအပြီးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်စောင်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှာ ဒီနေ့ကျင်းပတဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းတစ်စောင်ကို ထုတ်ပြန်နိုင်ခဲ့တာ လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

အခုရရှိလာတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ ရဲ့ ခေါင်းဆောင်တွေကို ပြန်လည်တင်ပြသွား မှာဖြစ်ပြီး နောက်လာမယ့် မေလ ပထမပတ်မှာ ထပ်မံတွေ့ဆုံသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးသဘောတူညီတဲ့ တစ်ခုတည်းသော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်စောင် ရရှိရေးအတွက် အရင်ဆွေးနွေးပွဲတွေက အတည်ပြုခဲ့တဲ့ ခေါင်းစဉ်များ၊ နိဒါန်းနဲ့ အခန်း ၇ ခန်းကို ဆွေးနွေးခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီကြေငြာချက်ထဲမှာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေအကြား အပြီးသတ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသွားဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပသွားရေးစတဲ့ အချက် ၅ ချက်ပါ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်မဟုတ်တဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS / SSA မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF စတဲ့အဖွဲ့ ၅ ဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။