ကျပ်သိန်း ၁၄ဝဝ ဖိုး မူးယစ်ဆေးများ တောင်ကြီးမြိုု့မှာ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှာ ရှိတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ UWSA 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်တဲ့နေအိမ်မှာ ကျပ်သိန်း ၁၄၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ လာရောက်သုံးစွဲရောင်းချနေသူ ၁၈ ဦးကို ဇူလိုင်လ ၁၃ ရက် ညနေ ၅ နာရီခန့်က ဖမ်းဆီးရမိ ခဲ့ပါတယ်။

အဲဒီအိမ်ကို တစ်လလောက် ကြိုတင်လေ့လာပြီးမှ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ မူးယစ်အထူးအဖွဲ့မှ ရဲအုပ် အောင်စိုးကြိုင်က RFA ကို အခုလို ပြောပါတယ်။

"သတင်းရတာတော့ကြာပြီပေါ့ ဒါပေမယ့် ဒီထဲဝင်ဖို့ထွက်ဖို့ သူတို့ထွက်ပြေးလွတ်မြောက်မှုမရှိဖို့ ၁ လလောက်တော့ အချိန်ယူရတယ်၊ ဒီအိမ်ထဲဝင်ဖို့ ဘယ်လိုလုပ်ဝင်လို့ရမလဲဆိုတာကို အရင်ဆုံးလေ့လာရတယ်၊ အဲ့မှာသတင်းရတော့ အရင်ဆုံးသွားပြီးကြည့်တယ်၊ ဝင်ပြီးတော့သုံးတဲ့သူတွေ၊ ဝယ်ပြီးထွက်တဲ့သူတွေရှိတယ် သူတို့ဘယ်လိုအချိန်မှာ ဟာပေါက်ရှိမလဲဆိုတာ သိမှအဲ့လိုအချိန်မှဝင်တာ"

အခု ဖမ်းဆီးမှုဟာ တောင်ကြီးမြို့မှာ ဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးအမှုတွေထဲမှာ တရားခံအရေအတွက် အများဆုံးပါဝင်တဲ့ အမှုဖြစ်တယ်လို့လည်း ဦးအောင်စိုးကြိုင်က ဆက်လက်ပြောကြားပါတယ်။

အဲဒီလို ဖမ်းဆီးရာမှာ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား သုံးသောင်းကျော် ၊ ဘိန်းဆီခဲ တစ်ကီလိုခွဲနီးပါးနဲ့ နေအိမ်ခြံဝန်းအတွင်းက မော်တော်ယာဉ် ၃ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့ကို သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

အဲဒီအိမ်ကို ပိုင်ဆိုင်သူဟာ 'ဝ' တပ်ဖွဲ့မှ ဗိုလ်မှူး တုံချမ်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းချသူ ၁၈ ဦးကို တောင်ကြီးမြို့၊ အမှတ် ၂ ရဲတပ်ဖွဲ့စခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။