မြန်မာနိုင်ငံဖက်ကနေ ထိုင်းနိုင်ငံဖက်ကို မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ လက်နက်ကိုင် မူးယစ်မှောင်ခိုအုပ်စုနဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ လူ ၅ ယောက်ကို သေနတ် ၄ လက်၊ မူးယစ်ဆေးတွေနဲ့အတူ အသေဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့နေရာကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ့်ဖာလုံမြို့နယ် မယ့်စလောင်းကျေးရွာအုပ်စု၊ အားလဲ့ကျေးရွာကနေ ကီလိုမီတာ ၂၀ အကွာ ထိုင်း-မြန်မာနယ်စပ်အနီးမှာဖြစ်ပြီး၊မူးယစ်မှောင်ခိုအဖွဲ့နဲ့ ထိုင်နယ်ခြားစောင့်တပ်တို့ ၁၀ မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်ခဲ့ရာမှာ မူးယစ်မှောင်ခိုကူးသူတွေဖက်က ၅ ဦး သေဆုံးခဲ့တာလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူ မြန်မာတစ်ဦးက RFA ကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲမှာ ပွိုင့် ၂၂ သေနတ်တစ်လက်၊ AK-47 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ၉ မီလီမီတာ ပစ္စတိုတစ်လက်နဲ့ တရုတ်နိုင်ငံထုတ် လက်နက်တစ်လက် သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူတွေဟာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကလဲဆိုတာ အတိအကျမသိရသေးဘူးလို့ဆိုပါတယ်။
အလားတူ ဧပြီလ ၂၃ ရက်နေ့ကလည်း ဒီလိုအဖွဲ့မျိုးအဖွဲ့ဝင် ၁၀ ယောက်ပါတဲ့အဖွဲ့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ရာဘ ခေါ် စိတ်ကြွဆေးပြား ၉၆၀၀၀၀ (ကိုးသိန်း ခြောက်သောင်း) နဲ့ မူးယစ်မှောင်ခိုတစ်ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ကျန်သူတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။