တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ တစ်လခန့်က ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာသူတစ်ဦးကို တာချီလိတ်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး သူနေထိုင်ရာ ဆန်စိုင်းရပ်ကွက်ရှိ နေအိမ်ကို တနင်္ဂနွေနေ့ နေ့ခင်းပိုင်းမှာ ရုတ်တရက်ဝင်ရောက်ရှာဖွေခဲ့ရာမှာ အခုလို ဖမ်းဆီးရရှိတာလို့ မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်နဲ့ နီးစပ်သူ မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူဟာ စိုင်းဝန်းတစ်ဆိုသူ အသက်၃၈ နှစ်အရွယ်ဖြစ်ပြီး သူ့ကို မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေလက်ဝယ်ထားရှိမှုတွေနဲ့ တရားစွဲဆိုထားကြောင်း သိရပါတယ်။
သူ့နေအိမ်ကိုဝင်ရောက်ရှာဖွေစဉ်မှာ အမေရိကန်ဒေါ်လာတွေနဲ့အတူ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက် ၊ မီးအားမြှင့်စက်၊ ရာဘ ခေါ် မြင်းဆေး ထုတ်လုပ်စက်အပါအဝင် ကလေးကစားစရာ စတဲ့ လျှပ်စစ်သုံးပစ္စည်း အမြောက်အများ သိမ်းဆည်းရရှိတယ်လို့လည်း မြို့ခံနောက်တစ်ဦးက ပြောပါတယ်။
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှာ မကြာခဏ မူးယစ် စိတ်ကြွဆေးနဲ့ လက်နက်ပစ္စည်းတွေ ဖမ်းဆီးရရှိလေ့ရှိပြီး ပြီးခဲ့တဲ့ သောကြာနေ့ကလည်း RPJ ဗုံးသီး ၃ လုံးနဲ့ လက်နက်ကျည်ဆံတစ်ချို့ ဖမ်းဆီးရရှိကြောင်းသိရပါတယ်။