မြန်မာကျပ်ငွေ သိန်းသုံးသောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့ အတူ ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို ရှမ်းပြည်အရှေ့ပိုင်းက ထိုင်း မြန်မာ နယ်စပ်မြို့ တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့ဖြစ်တဲ့ မဲခေါင်စစ်ဆင်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
တာချီလိတ်မြို့ဆန်ဆိုင်း (က) ရပ်ကွက် ဗိုလ်ချူပ်လမ်းက နေအိမ်ကို ဇွန်လ ၁၃ ရက်နေ့က ဝင်ရောက်ရှာဖွေခဲ့ရာက တာချီလိတ်မြို့မှာ ပထမဦးဆုံးအကြိမ် အမြောက်အများဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့က တပ်ကြပ်ကြီး တိုးမြင့်အောင် က RFA ကို ပြောပါတယ်။
"ဇွန် ၁၃ ရက်နေ့ ၁၁ ခွဲအချိန်မှာ မူးယစ်တပ်ဖွဲ့စု ၃၀ ကနေပြီးတော့မှ တပ်ဖွဲ့စုမှူး ရဲမှူး သန်းရွှေ ဦးစီးအဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့ အတူ တာချီလိတ်မြို့ဆန်ဆိုင်း (က) ရပ်ကွက် စိုင်းလျန်းနဲ့ နန်းကိန်မွန်း တို့ရဲ့ နေအိမ်ကို သတင်းအရ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်၊ အဲ့ဒီလို ဝင်ရောက်စီးနင်းရှာဖွေတဲ့ အခါမှာ စုစုပေါင်းတွေ့တာတော့ စိတ်ကြွဆေးပြားက ၂၀၇၆၄ ပြား၊ ပြီးရင် ဘိန်းဖြူကတော့ ၁၃ ဂရမ်ပေါ့၊ ပြီးရင် စိတ်ကြွဆေးမှုန့် ကတော့ ၆၂. ၅၀၃ ကီလို၊ ပြီးရင် ကဖင်း ၂၅၀ ဂရမ်၊ အားလုံး စက်တွေရဲ့ တန်ဖိုးပါ ပေါင်းရင်တော့ ကျပ်သိန်းပေါင်း သုံးသောင်းကျော်မယ် မဲခေါင် စစ်ဆင်ရေး ၂ မှာမိတာတော့ တန်ဖိုးအများဆုံးကတော့ ဒီဟာမိတာပေါ့ဗျာ"
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေအပြင် မူးယစ်ဆေးထုတ်လုပ်ရာမှာအသုံးပြုတဲ့ WY စာတမ်းပါ ရိုက်တံ ၂၂ ချောင်း၊ တစ်ကြိမ်ရိုက်ရင် စိတ်ကြွဆေးပြား ၉ ပြား ထုတ်လုပ်နိုင်တဲ့ မော်တာစက်တစ်လုံး၊ စိတ်ကြွဆေးမှုန့်ချေစက် တစ်လုံးနဲ့ အတူ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆက်ပြောပါတယ်။
မူးယစ်တပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးချိန်မှာ အိမ်ရှင် စိုင်းလျန်း ဆိုသူကို မတွေ့ရှိဘဲ ဇနီးဖြစ်သူ နန်းကိန်မွန်းနဲ့ တူတော်စပ်သူ စိုင်းအိုက်ခမ်း တို့ကိုသာ တွေ့ရှိခဲ့တဲ့အတွက် သူတို့ နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မတွေနဲ့ တာချီလိတ်မြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဒီမူးယစ်ဆေးဝါး စစ်ဆင်ရေးဟာ အခုနှစ် မေလ ၁၁ ရက်နေ့ကနေပြီး စက်တင်ဘာလ ၁၂ ရက်နေ့အထိ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်နိုင်တွေတွေ ပူးပေါင်းပြီး မဲခေါင်မြစ်ဝှမ်း ဒေသထဲမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးပူးပေါင်းရွက်နေရာ မြန်မာနိုင်ငံတွင်း ဖမ်းဆီး ရမိတဲ့အမှုပေါင်း ၁၃၀ ကျော် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
