ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ စိတ်ကြွဆေးပြား ၄၀၀၀ ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
ကွတ်ခိုင်ကနေ နောင်ချိုကို မောင်းလာတဲ့ဆိုင်ကယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါတဲ့ အထုပ် ၂၀ ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ လားရှိူးမြို့၊ အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုက ရဲမှူး ရဲနိုင် က ပြောပါတယ်။
"ကွတ်ခိုင်ဘက်ကနေ နောင်ချိုဘက်ကို မောင်းလာတဲ့ဆိုင်ကယ်ကို ရပ်တန့်ပြီးတော့မှ စစ်ဆေးရှာဖွေတဲ့ အခါမှာ သိုဝှက်ပြီးတော့ သယ်လာတဲ့ အိတ်ငယ်လေးတွေထဲက စိတ်ကြွရူးသွတ်ဆေးပါး ၂ဝဝ ပြားစီပါ အထုပ် ၂ဝ ၊ စုစုပေါင်း ဆေးပြား ၄ဝဝဝ တန်ဖိုးအားဖြင့် ကာလပေါက်ဈေး ကျပ်သိန်း ၈ဝ တန်ဖိုး ဖမ်းဆီးရမိပါတယ်"
အဲ့ဒီဆေးပြားတွေဟာ ပန်းရောင်တွေဖြစ်ပြီး ဆေးပြားတစ်ဖက်စီမှာ အင်္ဂလိပ်ဂဏန်း ၈ နှစ်လုံးနဲ့ ၁ လို့ ရေး သားထားကာ ကာလတန်ဖိုး စုစုပေါင်း ငွေကျပ်သိန်း ၈၀ ရှိတယ်လို့လည်း ပြောပါတယ်။
ဆေးပြားတွေ သယ်ဆောင်လာသူကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ နောင်ချိုမြို့နယ် ရဲစခန်းမှာ အရေးယူထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း လားရှိူးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု ဟတ်ကာကျေးရွာအနီးမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲနေသူ ၄၆ ဦးကို ရဲတပ်ဖွဲ့က လက်ရဖမ်းဆီးရမိခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ ဒီရက်ပိုင်းတွေအတွင်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာတွေ အကြိမ်အရေ အတွက်များနေပါတယ်။ မနေ့ကလည်း နောင်ချိုမြို့မှာ အလေးချိန် ၄၀၀ ဂရမ်ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကို မြန်မာနိုင်ငံ မူးယစ်အထူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ လားရှိူးမြို့၊ အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုက ရဲမှူး ရဲနိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
