သိန်း ၂ဝဝဝ ဖိုး မူးယစ်ဆေးများ တာချီလိတ်မြို့မှာ ဖမ်းဆီးမိပြန်

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မြန်မာကျပ်ငွေ သိန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်စိတ်ကြွဆေးပြားတွေနဲ့အတူ တရားခံတွေကို မဲခေါင်စစ်ဆင်ရေး မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးပူးပေါင်းအဖွဲ့က ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

တာချီလိတ်မြို့နယ် ကျိုင်းလတ်မြို့နယ်ခွဲ မိုင်းပါလျိုးကျေးရွာအုပ်စုက နမ့်ဖြန်ကျေးရွာမှာရှိတဲ့ ဦးအိုက်ထောင်းနေ အိမ်မှာ မဲခေါင်စစ်ဆင်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မူးယစ်တပ်ဖွဲ့က ရဲအုပ် အောင်ကျော်စိုးက RFA ကိုပြောပါတယ်။

"သတင်းရရှိထားတဲ့ ကျိုင်းလတ်မြို့နယ်ခွဲ နမ့်ဖြန်ကျေးရွာမှာရှိတဲ့ အိုက်ထောင်းနဲ့ အိုက်အန်းရဲ့နေအိမ်ကို ဝင်ရှာတာပေါ့နော်၊ နယ်မြေခံ တပ်ရယ် ရဲရယ် မဲခေါင်စစ်ဆင်ရေးအဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ သွားရောက်ရှာဖွေတဲ့နေရာမှာ စပါးကျည်ထဲက စိတ်ကြွဆေးပြား ၉ သောင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်ထောင့်နှစ်ရာငါးဆယ်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်"

မူးယစ်ဆေးဝါး ဝင်ရောက်ဖမ်းဆီးချိန်မှာ နေအိမ်ပိုင်ရှင် အသက် ၅၈ နှစ်အရွယ် အိုက်ထောင်း ဆိုသူကို မတွေ့ရှိ တဲ့အတွက် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပေမယ့် နေအိမ်မှာရှိနေတဲ့ အသက် ၃၈ နှစ်အရွယ် အိုက်အန် ဆိုသူကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး သူ့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်သော ဥပဒေပုဒ်မ ၁၅/၁၉ (က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့တုန်းကလည်း တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ဗိုလ်ချုပ်လမ်းက နေအိမ် မှာ မြန်မာကျပ်ငွေ သိန်းသုံးသောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကိုလည်း ဒီမဲခေါင်စစ်ဆင်ရေးအဖွဲ့ကပဲ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းနေတာတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချူပ်ရေးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး Mr. Permpong Chavalit (Secretary-General, NCB) ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ဝ ကျော် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်ခြမ်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို လာရောက်ကြည့်ရှု့ မေးမြန်းသွားခဲ့တယ်လို့လည်း သိရပါတယ်။