သတင်းထောက်တွေ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပ

0:00 / 0:00

ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေနဲ့ အဖမ်းဆီးခံ သတင်းထောက်တွေအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်က ကြေးသွန်းဘုရားကြီးမှာ ကျင်းပခဲ့ကြပါတယ်။

ကိုဇော်ဖေဟာ ဂျပန်နိုင်ငံကို လေ့လာရေးလူငယ်အဖွဲ့ တစ်ဖွဲ့ စေလွှတ်မယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး မကွေးမြို့က ပညာရေးရုံးမှာ ဝင်ရောက်သတင်းယူခဲ့စဉ် ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး လက်ရှိ သရက်ထောင်မှာ ၁ နှစ်တိတိ အပြစ်ချခံထားရ တာ ဖြစ်ပါတယ်။

DVB အနေနဲ့ သတင်းထောက် ကိုဇော်ဖေကို ဥပဒေအရ အကာအကွယ်ပေးဖို့ နိုင်ငံတော် သမ္မတထံကိုလည်း စာရေးသားတင်ပြသွားမယ်လို့ ဒီမိုကရက် တစ် မြန်မာ့ အသံ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးတိုးဇော်လတ်က RFA ကို ပြောပါတယ်။

"ဥပဒေဘောင်ထဲကနေ ကျနော်တို့အပြီးတင်တယ်၊ ဥပဒေအပြင်ကနေပြီးတော့ လှုပ်ရှားမှုတွေပေ့ါနော် အခုလိုမျိုး ဆုတောင်းပွဲလုပ်တယ်၊ အဲလိုပဲနိုင်ငံတကာမှာ နယ်စည်းမခြား သတင်းထောက်များကနေ ထုတ်ထားတာရှိတယ်၊ CPJ ကနေ ဒီဟာက ဘယ်လိုမှမတရားတဲ့အမှုပါဆိုပြီး လုပ်ထားတယ်၊ UK Campaign Burma ကလည်း ဒီဟာကို issue အနေနဲ့ တင်ထားတယ်ဆိုတော့ ကျနော်တို့ကလည်း ဥပဒေအရလည်း အသနားခံစာတင်ထားသလို သမ္မတကိုလည်း ဒီဟာနဲ့ပတ်သက်လို့ အသနားခံစာတင်ဖို့ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေထက် အပိုတောင်းတာလည်းမဟုတ်ဘူး၊ ရှိရဲ့သားနဲ့ ဒီဟာကိုကာကွယ်ခွင့်ပေးပါဆိုတာကို တောင်းမှာပါ"

ကိုဇော်ဖေဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း မကွေးတိုင်းဒေသကြီး မကွေးမြို့တဝိုက်မှာ ရေရှားတဲ့အကြောင်း သတင်းမှတ်တမ်းရိုက်ကူးစဉ်မှာလည်း တရားစွဲခံရဖူးပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရဖူးတယ်လို့သိရပါတယ်။

ကိုဇော်ဖေနဲ့ အဖမ်းဆီးခံ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက် ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ သတင်းမီဒီယာအဖွဲ့တွေ ပူးပေါင်းပြီး တောင်းဆိုလှုပ်ရှားမှု ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံကို RFA အဖွဲ့သား ဦးဝင်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။