မိုင်ဂျာယန် အစည်း အဝေးအောင်မြင်

မိုင်ဂျာယန်နောက်ဆုံးအစည်းအဝေးမှာ ရည်ရွယ်ချက် ၂ ရပ်၊ ခေါင်းစဉ်ကြီးလေးခုနဲ့ ကျင်းပလာရာ ၅ ရက်မြောက်နေ့မှာ ဘုံသဘောတူညီချက်တွေ ရရှိကြပီး အစည်းအဝေး အောင်မြင်မှုရရှိတယ်လို့ သိရပါတယ်။

ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးနေ့ အစည်းအဝေးပွဲကို ည ၈ နာ ရီလောက်မှာ ပြီးဆုံးပြီး ယေဘူယျ ဘုံသဘောတူညီချက်တွေ ရရှိပြီး အောင်မြင်မှုရှိ တဲ့အကြောင်း အစည်းအဝေး ကျင်းပရေးကော်မတီဥက္ကဌ ဦးခူးရယ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဘုံသဘောထားရပ်တည်ချက်အခြေအနေတွေနဲ့ပတ်သက်လို့ ကျနော်တို့ အနည်းငယ် အချိန်ယူရအုံးမယ် ထင်ပါတယ်။ တချို့လဲ လမ်းခုလပ် တစ်စိတ်တစ်ပိုင်း ရောက်နေပြီလို့ ပြောလို့ရပါတယ်။ တစ်စုံလုံး ၅ ရက် တာ အစည်းအဝေးနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ကောင်းကောင်းမွန် မွန်ချောချောမွေ့မွေ့နဲ့ အဆင်ပြေပြေနဲ့ ကျနော်တို့ ပြီးမြောက် အောင်မြင်အောင် ကျင်းပနိုင်ခဲ့တယ်။ ရလဒ်ကိုလဲ မျှော်မှန်းသလောက် ရာနှုန်းပြည့်မရသော်လည်းပဲ အောင်မြင်အောင် ဆောင်ရွက်နိုင်တယ် လို့ ပြောလို့ရပါတယ်"

ဒီအစည်းအဝေးကနေ ယျေဘူယျသဘောတူထားတဲ့ ဘုံသဘောထားရပ်တည်ချက် တွေနဲ့ပတ်သက်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ကိုယ်စားလှယ် စိုင်းကျော်ညွန့်က ခုလိုပြောပါတယ်။

"ပင်လုံလက်စွဲစာတမ်းကလဲ ပီးသလောက်ဖြစ်နေပါပီ ပြီးပါပီ တချို့စာတမ်းလေးတွေ နဲနဲဖြည့်စွက်ချင်တယ် အဲဒီအပေါ်မှာလဲ အားလုံးက သဘောတူညီပီးသားဖြစ်ပါတယ်။ ဒါကိုပြင်ဆင် ပြီးတော့ ဖြည့်စွက်နေတဲ့ အလုပ်အဖွဲ့က ဒီရက်ပိုင်းလေးမှာ ချက်ခြင်းမပြီးနိုင်တဲ့အတွက်ကြောင့်မို့ အတည်မပြုနိုင်သေးတာပဲရှိတယ်။ ပင်လုံလက်စွဲစာတမ်းက ပီးသွားပါပီ။ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရော မူဝါဒ ၈ ချက်ကလဲ သဘောတူပြီးသားဖြစ်တယ်။ ဒါပေမဲ့ အသေးစိတ်က ညှိနှိုင်းရတာတွေ ရှိတယ်ဆိုတော့ ဒါလဲ အတိုင်းအတာတခုထိ ပြီးတယ်လို့ ပြောလို့ရတယ်"

ဘုံသဘောထား ရယူဖို့ လိုအပ်နေသေးတဲ့ ကိစ္စရပ်တွေကိုတော့ ဆက်ပြီးအတည်ပြုနိုင်ဖို့ NCAလက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (CT) နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ တို့ပူးပေါင်းပီး နည်းလမ်းရှာ လုပ်ဆောင်သွားမယ် လို့ သိရပါတယ်။

ဒီအစည်းအဝေးကို ၅ ရက်တာကျင်းပခဲ့တာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပြင် ၊ ပါတီနဲ့ အမျိုးသမီး များအဖွဲ့ချုပ် မြန်မာနိုင်ငံ စတဲ့အဖွဲ့တွေလဲ တက်ရောက်ကြသလို ၂၁ ရာစု ပင်လုံညီလာခံနဲ့ပတ်သက်လို့ အကြို ညှိနှိုင်းရေးနဲ့ အနာဂါတ်ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထား များရရှိရေးဆိုတဲ့ ရည်ရွယ်ချက် ၂ ရပ်နဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။