လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ အကြောင်းအမျိုးမျိုးကြောင့် မဲလာမပေးနိုင်သူတွေဟာ ဒီနေ့ အောက်တိုဘာလ ၂၉ရက်နေ့မှာ ကြိုတင်မဲတွေ စပြီးပေးနေပြီဖြစ်ပါတယ်။
ဒီနေ့ကစပြီး နိုဝင်ဘာလ ၇ ရက်နေ့အတွင်း ကြိုတင်မဲပေးခွင့်ရှိသူတွေထဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ၊ ကော်မရှင်အဖွဲ့ဝင်တွေ၊ ခရီးသွားမယ့်သူတွေနဲ့ မဲရုံကိုယ်စားလှယ်တွေလည်းပါတယ်လို့ ရန်ကုန်တိုင်းဒေသ ကြီး တောင်ဥက္ကလာပမြို့နယ်၊ ၁၃ ရပ်ကွက် ကော်မရှင်ဥက္ကဌ ဦးစိုးမြင့်က ပြောပါတယ်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်က ဇေယျာ့သိဒ္ဒိရပ်ကွက်မှာ ဒီကနေ့ ကြိုတင်မဲလာပေးတဲ့ အစိုးရဝန်ထမ်း ၂၁ ဦးရှိတယ်လို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်မြက ပြောပါတယ်။
နေပြည်တော်ကောင်စီ ဇမ္ဗူသီရိမြို့နယ်မှာ အစိုးရဝန်ထမ်းဦးရေအများဆုံးဖြစ်ပါတယ်။
အဲဒီကြိုတင်မဲတွေကို ပြည်တွင်းကြိုတင်မဲတွေလို့ သတ်မှတ်ထားပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေပေးတဲ့ ကြိုတင်မဲတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား စတဲ့နိုင်ငံတွေမှာ ကောက်ယူပြီးဖြစ် ပါတယ်။
ကြိုတင်မဲလက်မှတ်တွေမှာ ရွေးကောက်ပွဲကော်မရှင် အမှတ်သားပါတဲ့ တံဆိပ်တုံးနဲ့ မဲပေးရမှာဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာကော်မရှင်ရုံးခွဲတွေမှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီထိ ပေးရမှာဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူတွေဟာ အစိုးရ ခွင့်ပြုချက်နဲ့ မဲဆန္ဒနယ်ပြင်ပ သွားရောက်နေသူတွေ၊ အိုမင်းမစွမ်းသူတွေ၊ ရောဂါဝေဒနာသည်တွေ၊ အချုပ်ကျနေသူတွေ ၊ ရှေ့တန်းရောက်နေတဲ့ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။
ကြိုတင်မဲပေးထားတဲ့ မဲပုံးတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးတွေမှာထားရှိမှာဖြစ်ပြီး၊ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ကိုယ်စားလှယ်လောင်းတွေနဲ့ မဲရုံးစောင့်ကြည့်သူတွေရှေ့မှာမှ ဖွင့်ပြီး ရေတွက်မှာဖြစ် တယ်လို့ သိရပါတယ်။
