ငလျင်ဒဏ်သင့် ဒေသကို NLD ပါတီ သိန်းတစ်ရာလှူ

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ဒီကနေ့ ငွေကျပ်သိန်း တစ်ရာ လှူဒါန်းလိုက်ပါတယ်။

စစ်ကိုင်းတိုင်းအတွက် ကျပ်သိန်း ၅ဝ နဲ့ မန္တလေးတိုင်းအတွက် ကျပ်သိန်း ၅ဝ ကို သက်ဆိုင်ရာတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေကနေတဆင့် ငလျင်ဒဏ်ခံ ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်း အိန္ဒိယနိုင်ငံကို မထွက်ခွာခင်မှာ အခုလို လှူဒါန်းဖို့ ညွန်ကြားခဲ့တာလို့ သိရပါတယ်။ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းတဲ့ ငွေကို မတည်ပြီး မြို့မိမြို့ဖတွေ စေတနာရှင်တွေရဲ့ အကူအညီကိုလည်း ရယူသွားဖို့အတွက် ကော်မီတီတစ်ရပ်ဖွဲ့ပြီး လုပ်ဆောင်သွားမယ်လို့ တိုင်းအဖွဲ့ဝင် ဦးမျိုးနိုင်က RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးမှာ မနေ့မနက်က အင်အား ၆.၈ ရှိတဲ့ ငလျင်လှုပ်ခတ်သွားတဲ့အတွက် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း အတွင်းက မြို့နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေများသလို သေဆုံးသူ ၁၃ ယောက်လောက်အထိ ရှိနိုင်တယ်လို့ ပြောကြပါတယ်။

မနေ့က လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရွှေဘိုဆေးရုံ၊ ကျောက်မြောင်းဆေးရုံ၊ စဉ့်ကူးဆေးရုံတွေကို တင်ပို့ကုသနေကြပြီး ပြင်းထန်သူတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သယ်ယူကုသနေပါတယ်။

တစ်ချိန်တည်းမှာလည်း ငလျင်လှုပ်ခတ်သွားတဲ့ ဒေသတွေမှာ လူထုကို အသိပညာပေးဖို့အတွက် မြန်မာနိုင်ငံ ငလျင်ပညာကော်မီတီဝင် ငါးဦးဟာ ဒီကနေ့ ရွှေဘိုမြို့ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့ဝင်ထဲက ရန်ကုန်စက်မှုတက္ကသိုလ် ဘူမိဗေဒပါမောက္ခ ဦးကျော်ဒွန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00

မြေငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသတွေက နောက်ဆက်တွဲ အခြေအနေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။

0:00 / 0:00