ရွှေသံလွင်စက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် အရှေ့တိုးတက်ရေးကုမ္ပဏီ East Group အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ဦးကိုပြန်ခန့်ဖို့နဲ့ မန်နေဂျာ ၅ ယောက်ကို အလုပ်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတာ ဒီနေ့ဆိုရင် ၂၂ ရက်ရှိပြီလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။

ဒီကနေ့မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ သွားရောက်ညှိနှိုင်းခဲ့ကြပေမဲ့ တောင်းဆိုချက် ၁ ချက်ကိုသာ လိုက်လျောပေးခဲ့တယ်လို့ အဲဒီစက်ရုံရဲ့ အလုပ်သမားသမဂ္ဂဥက္ကဌ ကိုမျိုးကိုကိုက ပြောပါတယ်။

"အလုပ်သမား ကိုပြည့်ဖြိုးအောင်ကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့၊ ပြီးတော့ စက်ရုံပိုင်းက မန်နေဂျာ ၅ ဦးကို အလုပ်ထုတ်ပေးဖို့ ကလေးတွေက တောင်းဆိုတယ်၊ ဒီမန်နေဂျာတွေက အလုပ်သမားတွေကို လုံးဝညှင်းပန်းတယ်ပေ့ါနော်၊ မတရားခိုင်းစေတယ်၊ နောက် ဒီတောင်းဆိုစဉ်ကာလမှာ လုပ်ခလစာပြန်ပေးဖို့အတွက်ရယ် တောင်းဆိုတယ်၊ အဲဒီ ၃ ချက်ပါ၊ ကျနော်တို့ ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်ရလိုက်လို့ ကိုပြည့်ဖြိုးအောင်ကို အလုပ်ပြန်ခန့်ပေးရမယ် ဆုံးဖြတ်ချက်ပါလာလို့ သူတို့ပြန်ခန့်တယ်၊ ကျန်တဲ့နှစ်ချက်ကိုတော့ ညှိနှိုင်းဆဲပေ့ါ"

အလုပ်ရှင်ဘက်ကလည်း အလုပ်သမားတွေ ဆန္ဒပြနေတဲ့ရက်တွေအတွင်း ရေ၊ မီး၊ ဓါတ်ဆီ၊ စက်ရုံငှားရမ်းခ၊ ကားခ စတဲ့ကုန်ကျစရိတ်တွေအတွက် လျော်ကြေးတောင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အဲ့ဒီစက်ရုံမှာအလုပ်လုပ်နေတဲ့ အထည်ချုပ်အလုပ်သမား ၁၃၀၀ ကျော်လောက်ရှိတယ်လို့လည်း သိရပါတယ်။