မြန်မာနိုင်ငံမှာ အီဘိုလာရောဂါပိုး လုံးဝမရှိကြောင်း ကြေညာ

ကူးစက်မြန် အီဘိုလာရောဂါ သံသယလူနာအဖြစ် ကုသမှုခံယူနေတဲ့ မြန်မာနိုင်ငံသားဟာ အီဘိုလာရောဂါပိုး လုံးဝမရှိတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

မြောက်ဥက္ကလာ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာ ကိုဇင်မင်းဦး အပါအဝင်၊ အနီးကပ်ထိတွေ့သူ ၄ ဦးရဲ့ ကျန်းမာရေးအခြေအနေ လုံးဝကောင်းမွန်နေတဲ့အကြောင်း၊ သူတို့ ၅ ဦးရဲ့ သွေး နမူနာတွေကို ကူးစက်မြန် အီဘိုလာရောဂါ ဟုတ်-မဟုတ် အတည်ပြုနိုင်ဖို့ အတွက် သြဂုတ်လ ၂၉ ရက်နေ့မှာ ဂျာမနီနိုင်ငံက ကူးစက်ပိုး ဆိုင်ရာဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ရာမှာ ၅ ဦးစလုံးရဲ့ ဓာတ်ခွဲခန်းအဖြေ မှာ အီဘိုလာရောဂါပိုး လုံးဝမရှိတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အာဖရိကတိုက်အနောက်ပိုင်း နိုင်ငံတွေမှာ တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ပြီး နောက် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်ကို သြဂုတ်လ ၂ဝ ရက်နေ့က ရောက်ရှိလာတဲ့ ကိုဇင်မင်းဦးဟာ ကိုယ်အပူချိန်မြင့်တက်နေတဲ့အတွက် အီဘိုလာရောဂါ သံသယလူနာအဖြစ် သတ်မှတ်ပြီး ကျန်းမာရေးဌာနက သီးခြားစောင့်ကြည့် စစ်ဆေးခဲ့တာ ဖြစ် ပါတယ်။