မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER နဲ့ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်တွေက အမျိုးသားပညာရေးဥပဒေ ပြင် ဆင်နိုင်ဖို့အတွက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးကြပါတယ်။
အဲဒီ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း က House of Media & Entertainment (HOME) ရုံးခန်းမှာ ဒီနေ့ ကျင်းပတာဖြစ်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုနန္ဒာစစ်အောင်က သပိတ်မှောက်ကျောင်း သား ကျောင်းသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ နှစ်ခုရှိကြောင်း ပြောပါတယ်။
"အစိုးရနဲ့ ကျနော်တို့ကြားမှာရှိတဲ့ အကြပ်အတည်းရယ်၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ လွှတ်တော်ရဲ့ အချိန်ကာလနဲ့ ပတ်သက်ပြီးတော့ အကြပ်အတည်းရယ်ပါ"
အဲဒီဆွေးနွေးပွဲကို မြန်မာ့အစိမ်းရောင်ကွန်ရက်၊ ညီညွတ်သော အမျိူးသားဒီမိုကရေစီအဖွဲ့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း စတဲ့ လူမှုအဖွဲ့အစည်း ၃၀ က ကိုယ်စားလှယ်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေနဲ့ အနုပညာရှင်တွေ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ မတ်လ ၅ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ ကြားနာပွဲတွေ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
ဒီအတောအတွင်း လက်ပံတန်းမြို့ကိုရောက်ရှိနေတဲ့ ပင်မသပိတ်မှောက် ကျောင်းသား ကျောင်းသူ တွေက လာမယ့် မတ်လ ၁ ရက်နေ့မှာ မူလရည်ရွယ်ချက်အတိုင်း ရန်ကုန်ကို ဆက်လက်ချီတက်ကြမယ်လို့ ပြောပါတယ်။
