အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်း ကို ပြည်သူ့လွှတ်တော်မှာ မနက်ဖြန် ဆွေးနွေး အတည်ပြုနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်တွေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ ဒီနေ့ အကြိုဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ မနက်ဖြန် အပြီးသတ်အတည်ပြုနိုင်ဖို့ ညှိနှိုင်းကြတာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါ တယ်။
"အမျိုးသားလွှတ်တော်က စဆွေးနွေးတာဖြစ်တဲ့ အတွက် အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော် ကိုပို့ပါတယ်၊ ပြည်သူကနေပြီးတော့ သူ့ကိုပြန်ပို့ရမှာ၊ တကယ်လို့ အမျိုးသားလွှတ်တော်မှာ သဘောမတူတဲ့အချက်ရှိရင်တော့ ပြည်ထောင်စုလွှတ်တော် ထပ်ဆွေးနွေး ရဦးမှာပါ၊ အဲ့ဒါကြောင့်မို့ မနက်ဖြန်မှာ ပြည်ထောင်စုလွှတ်တော် မလုပ်တော့ဘဲနဲ့ တစ်နေကုန် ဒါကိုအချိန် ယူပြီးတော့လုပ်တာပါ၊ ဆွေးနွေးချက်တွေကို အများပြည်သူသိရှိဝေဖန်နိုင်အောင် ဘယ်လိုဆောင်ရွက် မယ်ဆိုတဲ့ဟာကိုလည်း ပွင့်လင်းမြင်သာအောင်ဆောင်ရွက်နိုင် မနက်ဖြန်မှာထုတ်ပြန်သွားမှာဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လွတ်လွတ်လပ်လပ်ဆွေးနွေးသွားစေမှာဖြစ်ပါတယ်"
ဒီဆွေးနွေးပွဲကို တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပြင် ကော်မတီ၊ ကော်မရှင် ဥက္ကဌတွေ၊ အတွင်းရေးမှူးတွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ဥပဒေကြမ်းကော်မတီက ခုလ ၂ ရက်နေ့က အစီရင်ခံစာတင်သွင်းခဲ့ရာ အဆင်မြင့်ပညာကျောင်းတွေမှာ ဆရာသမဂ္ဂ နဲ့ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိဖို့၊ ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းအထိသုံးစွဲဖို့၊ ပညာရေးမူဝါဒနဲ့ ဥပဒေ၊ နည်းဥပဒေတွေရေးဆွဲရာမှာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း ကို RFA သတင်းထောက် မစန်းမော်အောင် က ဆက်သွယ်မေးမြန်းထားပါတယ်။