ပညာရေးတောင်းဆိုချက်တွေ ညှိနှိုင်းမယ်ဆိုမှ သပိတ်လှန်မည်


2015.01.20
mdy-students-march-305.jpg အမျိုးသားပညာရေးဥပဒေကြမ်းကို ကန့်ကွက်တဲ့ ကျောင်း သားတွေဟာ မန္တလေးမြို့အိမ်တော်ရာ ဘုရားဝင်းကနေ ရန်ကုန်မြို့ကို ဇန်နဝါရီ ၂၀ ရက်နေ့က စတင်လမ်းလျှောက် ဆန္ဒပြကြစဉ်။
Photo: Nay Thwae/RFA

အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်လို့ တောင်းဆို ထားတဲ့ အချက်အလက်တွေအတိုင်း၊ လက်တွေ့ဖြစ်မလာ မချင်း သပိတ်လှန်မှာမဟုတ်ဘူး လို့ ကျောင်းသားတွေ ကပြောပါတယ်။

ပညာရေးဥပဒေကိုသုံးသပ်ပြင်ဆင်ပေးဖို့ သမ္မတက လွှတ်တော်ကို သဝဏ်လွှာပေးပို့တာကို ကျောင်း သားတွေအနေနဲ့ ကြိုဆိုပေမယ့်၊ သူတို့တောင်းဆိုထားတဲ့ အတိုင်း ညှိနှိုင်းပြင်ဆင်မှ သပိတ်ပြန်လှန်မယ်လို့ ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်က RFA ကို အခုလိုပြော ပါတယ်။

" ကျနော်တို့က သမ္မတအနေနဲ့ စာရေးပြီးတောင်းဆို တာကို ကျနော်တို့ကြိုဆိုပါတယ်၊ ဒါပေမဲ့ကျနော် တို့ လိုချင်တဲ့အချက်တွေကို အစိုးရက ကျနော်တို့ နဲ့ တွေ့ဆုံဆွေးနွေး တာမျိုးမရှိပဲနဲ့ တင်ပေးတဲ့ဥစ္စာ ကို ပြင်ပေးတယ်ဆိုရင် မကောင်းဘူးလေ၊ အဲ့တော့ ကျနော်တို့ကတော့ ဒီညနေပဲ ဘုန်းကြီးကျောင်းမှာ ကျနော်တို့ကျောင်းသားတွေစကား ပြောဖြစ်တယ်၊ အားလုံးရဲ့သဘောထားကတော့ တွေ့ဆုံဆွေးနွေးရေး ရယ်၊ နောက်ပြီး တော့ ကျနော်တို့တောင်း ဆိုထားတဲ့ ၁၁ ချက်ရယ်၊ အဲ့အချက်တွေအကုန်လုံးကို ထင်သာမြင်သာတဲ့ ဥပဒေထွက်ပြီးတော့ ပြင်ပြီးသွားပြီဆိုမှသာလျှင် ကျနော်တို့က သပိတ်လှန်မှာဖြစ်တဲ့ အတိုင်း ဒီရန်ကုန်ကို လမ်းလျှောက်တဲ့ လှုပ်ရှားမှုကတော့ဆက်ပြီး သွားနေမှာပဲ၊ အားလုံးကအဲ့လိုပဲ ဆုံးဖြတ် ပါတယ်၊ ကျောင်းသားတွေ "

အစိုးရကအတည်ပြုပြဌါန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ အရင်စနစ်ဟောင်း အတိုင်း ဗဟိုချုပ်ကိုင်မှု များနေသေးသလို၊ တိုင်းရင်းသားတွေ၊ မသန်စွမ်း သူတွေ အတွက်ကိုလဲ အထူးပြုပြဌာန်းထားတာမပါကြောင်း၊ ဆရာ သမဂ္ဂတွေ၊ ကျောင်းသား သမဂ္ဂတွေ ဖွဲ့စည်းခွင့်ကိုလည်း လျစ်လျူရှုထားတဲ့ အကြောင်း ကျောင်းသားနဲ့ ပညာရှင်တွေ က ထောက်ပြထားကြပါတယ်။

ဒီကိစ္စအတွက် အစိုးရ၊ လွှတ်တော်၊ ဥပဒေရေးဆွဲခဲ့တဲ့ပညာရှင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ ၄ ပွင့် ဆိုင်တွေ့ဆုံညှိနှိုင်းပြီး၊ ဥပဒေကိုပြန်လည်ပြင်ဆင်ဖို့ ဗကသ၊ တကသ အစရှိတဲ့ကျောင်းသား သမဂ္ဂတွေက အစိုးရကို ၂ လကြာ အချိန်ပေး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရဘက်က အချိန်မီ တစုံတရာ အကြောင်း မပြန်တဲ့ အတွက် ကျောင်းသားတွေက သပိတ်အရှိန်မြှင့်လိုက်ကြတာဖြစ်ပါတယ်။

ဒါကြောင့် သပိတ်မှောက်ခံနေရတဲ့ အဲ့ဒီပညာရေးဥပဒေကို လွှတ်တော်ကပဲ ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ တိုက်တွန်းတဲ့ သဝဏ်လွှာကို သမ္မတက လွှတ်တော်ကို ပို့လိုက်တာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့ သမ္မတကလွှတ်တော်ကို သဝဏ်လွှာ ပို့လိုက်တာနဲ့ပတ် သက်လို့ သပိတ်မှောက်ကျောင်းသားတွေ ရဲ့ သဘောထား အတွက် ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။