ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှာ မနေ့က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
အဲဒီဥပဒေမူကြမ်းဟာ တစ်မျိုးသားလုံးရဲ့ ပညာရေး အဆင့်မြှင့်တင်မှုကို လုပ်ဆောင်ပေးနိုင်မယ်လို့ မယုံကြည်တဲ့အတွက် ကန့်ကွက်တာဖြစ်ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌ ကိုကျော်ကိုကို က ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကြားမှာ တန်းတူညီမျှမှုမရှိတဲ့ ပညာရေးစနစ်မျိုးပဲ ရရှိသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ တိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားခွင့်ဆိုလို့ရှိရင် ဒီထဲမှာ ဂဃဏန မပါပါဘူး၊ အခုချိန်မှာပညာရေး အရည်အချင်းနိမ့်နေတာပါ ဒီတိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားခွင့်လုံးဝမရှိပါဘူးတဲ့ ဒီပညာရေးစနစ်ကြီးရဲ့ မွေးထုတ်ပေး လိုက်တဲ့ပုံစံက ဘယ်လိုမှနိုင်ငံဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တဲ့ အတွက်ကြောင့် လာမယ့် ပညာရေးဥပဒေကို အတည်ပြုလိုက်မယ်ဆိုလို့ရှိရင် ပိုပြီးဆိုးဝါးတဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်"
အဲဒီဥပဒေမူကြမ်းမှာ တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းသားများရဲ့ အခွင့်အရေးတွေကို ချုပ်ကိုင်ထားတဲ့အချက်တွေ ပါဝင်နေတာမို့ ကန့်ကွက်ရတာလို့လည်း ပြောပါတယ်။
အဲဒီဆန္ဒပြပွဲကို ကန့်ဘလူမြို့နယ် နည်းပညာကောလိပ် GTC က ကျောင်းသားတစ်ရာနီးပါးပါဝင်ကြပြီး မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို လက်ရှိပြည်သူ့လွှတ်တော်မှာ တင်ပြထားပါတယ်။
