အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက သပိတ်မှောက်ကျောင်းသူ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အမျိုးသားပညာရေး ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ တင်သွင်းခဲ့ပါတယ်။
ဒီဥပဒေကြမ်းတင်သွင်းလိုက်တာကို ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီက ဖတ်ကြားလိုက်တာပါ။
"ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားကိုယ်စားလှယ်များ၏ လေးပွင့် ဆိုင် အစည်းအဝေးထံ တင်ပြတဲ့တောင်းဆိုထားသည့်အချက် ၁၁ ချက် ပြင်ဆင်သည့်ဥပဒေကြမ်းပါအပိုဒ် အပိုဒ်ခွဲတစ်ခုခြင်းအပေါ် ကျောင်းသားကိုယ်စားလှယ်များ၏ တင်ပြချက်များသည် အဓိက အခြေခံလို့ စဉ်းစားကာ အချက်ပေါင်း ၈၁ ချက်ရှိပါတယ် အားလုံးက၊ တိုက်ရိုက်လက်ခံသင့်သည့် တိုင်တန်းချက်က ၃၈ ချက်ရှိပါတယ်၊ မူရင်းအနှစ်ဥပဒေကြီးကို အနှစ်သာရမပျက်စေပဲနဲ့ ဥပဒေ အရေးထုတ်နဲ့အညီ ပြုပြင်ရေးသားသင့်တဲ့ ပြဌါန်းချက်များနဲ့ စကားရပ်ရေးသားအစားထိုး ပြင်ဆင်ရေး သားချက် ၂၄ ချက်ရှိပါတယ်"
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဟာ သပိတ်မှောက်ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီ၊ ပညာရေးပြုပြင်ပြောင်း လဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER တို့အပြင် နိုင်ငံရေးပါတီတွေ၊ ကျောင်းသားသပိတ်ကို ထောက်ခံသူ မိဘပြည်သူတွေနဲ့ ကြားနာပွဲတွေကျင်းပခဲ့ပါတယ်။
အခု ဥပဒေကြမ်းမှာ ပညာရေးလွတ်လပ်ခွင့်ရှိရေး၊ ဆရာ ဆရာမများ သမဂ္ဂဖွဲ့စည်းခွင့်ရရေး၊ အခမဲ့ပညာသင် ကြားရေးကို အခြေခံပညာအဆင့်ကနေ ခွင့်ပြုပေးဖို့တွေလည်း ပါရှိပါတယ်။
ဒါ့အပြင် တက္ကသိုလ်ဝင်ခွင့်ကို အမှတ်စာရင်းနဲ့မသွားတော့ပဲ သက်ဆိုင်ရာတက္ကသိုလ်တွေမှာ လွတ်လွတ် လပ်လပ် လျှောက်ထားခွင့်ရှိပြီး အဲ့ဒီတက္ကသိုလ်တွေရဲ့ ဘုတ်အဖွဲ့ သို့မဟုတ် စိစစ်ရေးအဖွဲ့ကနေ ဆုံးဖြတ်ပေးမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ပညာရေးအသုံးစရိတ်ကို အစိုးရဘတ်ဂျက်ရဲ့ ၂၀% အထက်အထိ အသုံးပြုခွင့်ပေးဖို့ကိုလည်း မူကြမ်းမှာ ထည့်သွင်းထားပါတယ်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် တနင်္လာနေ့နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရမှာ ဖြစ်ပါတယ်။
