အမျိုးသားပညာရေးဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အကြမ်းမဖက်ပဲနဲ့ အားလုံးညှိနှိုင်းပြီးဖြေရှင်းဖို့ လိုအပ်ကြောင်း ကြားနာပွဲကိုတက်ရောက်ခဲ့ တဲ့ နိုင်ငံရေးပါတီ ၁၁ ခုက ဆွေးနွေးကြပါတယ်။
အမျိုးသားလွှတ်တော်မှာ ၅ ကြိမ်မြောက်အဖြစ် ဒီနေ့ကျင်းပတဲ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဦးစောအောင်ကျော်နိုင်က နှစ်ဘက်စလုံးက ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်ကြောင်း အခုလိုဆွေးနွေး ခဲ့ပါတယ်။
"သဘောထားတွေ ကွဲလွဲတင်းမာပြီးတော့ စိန်ခေါ်မှုတွေများနေတယ်၊ အမျိုးသားပညာရေး ဥပဒေကို ခြုံငုံသုံးသပ် အချုပ်အားဖြင့် အကြံပြု ရမယ်ဆိုရင် ဗဟိုချုပ်ကိုင်မှုတွေများနေသလား များရင်ဖြည်ပါ၊ တင်းကြပ်မှုတွေရောများနေသလား များရင်လျော့ပါ၊ တားဆီးမှုတွေကလည်း များနေသလား များနေရင်လိုက်လျှောပါလို့ အကြံပြုပါတယ်၊ တစ်ဖက်မှာလည်း တောင်းဆိုမှုတွေက လွန်ကဲနေသလား လွန်ကဲနေရင် မျှတအောင်လုပ်ပါ၊ လွတ်လပ်မှုတွေ စည်းကျော်နေသလား ကျော်နေ ရင်ပြန်နှုတ်ပါ၊ ဖြစ်ချင်တာတွေ ဖြစ်နိုင်ခြေရှိရဲ့လား မရှိရင်ဖြစ်သင့်တာကိုပဲလုပ်ပါ၊ အဲ့ဒါတွေ ကိုတော့ နှစ်ဦးနှစ်ထက်စလုံးက လက်ခံနိုင်ကြပါစေ"
ကြားနာပွဲကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီ၊ အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား လူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဗမာပြည်သူ့ပါတီ၊ ကမန်အမျိုးသားပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေ တက်ရောက်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာ ကျင်းပနေတဲ့ကြားနာပွဲက တက်ရောက်ဖို့ို နိုင်ငံရေးပါတီ ၆ဝ က ခေါင်းဆောင်တွေကို ဖိတ်ကြားထားတာဖြစ်ပြီး ဒီနေ့အထိ ၃၆ ပါတီက တက်ရောက်ပြီးဖြစ်ပါတယ်။
ကြားနာပွဲအကြောင်း RFA သတင်းထောက် မပြုံးမို့မို့ဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။