ပညာရေးဥပဒေ ကြားနား ပွဲ ပြန်ညှိနှိုင်းဖို့ ကျောင်းသားနဲ့ NNER မေတ္တာရပ်

0:00 / 0:00

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်မူကြမ်း လွှတ်တော်မှာ ကြားနာပွဲပြုလုပ်မယ့်အစီအစဉ်ကို အမျိုးသားလွှတ်တော် ဥက္ကဌအနေနဲ့ လေးပွင့်ဆိုင် ကိုယ်စားလှယ်တွေနဲ့ ပြန်လည်ညှိနှိုင်းဖို့ ကျောင်းသားနဲ့ NNER ပညာရေးကွန်ရက်က မနေ့က ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံ လိုက်ပါတယ်။

ကြားနာပွဲရက်ကာလ ကြာမြင့်နေမယ်ဆိုရင် လွှတ်တော်ကြောင့် ပြဿနာတွေ ပိုမိုကြီးထွားလာတယ်လို့ အပြစ်တင်ဖွယ်ဖြစ်လာနိုင်တဲ့အတွက် အခုလို မေတ္တာ ရပ်ခံတာဖြစ်ကြောင်း NNER ပညာရေး ကွန်ရက် ခေါင်းဆောင် ဒေါက်တာသိန်းလွင်က ပြောပါ တယ်။

"၄၂ မျက်နှာရှိတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ သုံးသပ် ချက်ဆိုပြီးတော့ ထုတ်တဲ့စာက အတော်လေးဆိုး တယ်ဗျာ၊ လေးပွင့်ဆိုင်သဘောတူလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ကြမ်းကို ပေးသယောင်လုပ်ထား တယ် ၊ ကျောင်းတွေကိစ္စမှာလည်း ဆရာတော်တွေကို နားလည်မှုလွဲအောင်လုပ်ပြီးတော့ တိုက်ခိုက် တာတွေရှိလာတယ်လေ၊ ဆိုတော့ အဲ့အချိန်မှာ လွှတ်တော်ဘက်ကနေ အရင်တုန်းက လုပ်လေ့ လုပ်ထမရှိတဲ့နည်းတွေနဲ့ ရက်ကိုကြာအောင်လုပ်လာတော့ ဒါဟာတကယ့်ကို သွေးရိုးသားရိုးကော ဟုတ်ရဲ့လားလို့ သံသယဖြစ်လာတာပေါ့ဗျာ၊ အဲ့ဒီသံသယကိုဖြေရှင်းဖို့အတွက် အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ လေးပွင့်ဆိုင်တွေ့ပြီးတော့ ပြန်လည်ညှိနှိုင်းကြဖို့ဆိုပြီးတော့ ကျနော်တို့ မနေ့ကပဲတိုင်ပင် ပြီးတော့ အဲ့ဒီစာလေးကို ထုတ်ပြန်လိုက်တာပါ"

သပိတ်မှောက်ကျောင်းသားတွေ ရန်ကုန်ဝင်လာရင် အရေးယူမယ်လို့ အစိုးရက ကြေညာထားချိန်မှာ၊ ကျောင်း သားတွေကလည်း တောင်းဆိုချက်မရမချင်း သပိတ်လှန်မှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ တပြိုင်တည်းမှာပဲ ပညာရေးဝန်ကြီးဌာန ဝန်ထမ်းတွေကလည်း တန်ပြန်သပိတ်လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့အတွက် အကြပ် အတည်းကာလတစ်ခုအတွင်း ကျရောက်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို လိုက်လျောမယ်လို့ အစိုးရဘက်က ကတိပြုထားတဲ့အတိုင်း ၊ပြီးတော့ အစိုးရ၊ ကျောင်းသား၊ လွှတ်တော်နဲ့ NNER ပညာရေးကွန်ရက်ဆိုတဲ့ လေးပွင့်ဆိုင်ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲရလာဒ်ကို ဆုံးခန်းတိုင်တဲ့အထိ ပူးပေါင်း အကောင်အထည်ဖော်မယ်လို့ သဘောတူထားတဲ့ အတိုင်း၊ ပညာရေး ဥပဒေပြင်ဆင်ရေးအဆင့်တိုင်းမှာ လေးပွင့် ဆိုင် ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့လည်း မေတ္တာရပ်ခံချက်မှာဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ NNER ပညာရေးကွန်ရက်ခေါင်းဆောင် ဒေါက်တာသိန်းလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။