ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အစိုးရတပ်မတော်က တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ သံချပ်ကာကားတွေအသုံးပြုပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်ပကျူးကျော်စစ်ပုံစံနဲ့ ထိုးစစ်ဆင်နေတယ်လို့ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က ပူးတွဲသဘောထား ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက နှစ်ဖက် ပစ်ခတ်တိုက်ခိုက်တာတွေ လျော့ချဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တွေ့ဆုံဆွေးနွေးမယ်လို့ ကမ်းလှမ်းပေမဲ့ အစိုးရတပ်မတော်ကလက်မခံဘဲ ထိုးစစ်ဆင်နေတယ်လို့ ဒီနေ့ ပြောပါတယ်။
"TNLA က ကမ်းလှမ်းဖူးပါတယ်ခင်ဗျ၊ ပြီးတော့ သမ္မတကြီးဆီ အိတ်ဖွင့်စာလည်း ပေးဖူးပါတယ်ခင်ဗျ၊ သူတို့ဘက်ကနေပြီးတော့မှ ဆွေးနွေးစရာမရှိဘူးဆိုတာကို ပြောလာတယ်၊ ဒီတိုက်ပွဲတွေကြောင့် နောက်ဆက်တွဲ အပြစ်မဲ့ပြည်သူလူထုတွေ သတ်ဖြတ်ခံရတာ၊ ရွာတွေကိုမီးရှို့တာတို့၊ အိမ်ထဲဝင်ပြီးတော့ လုယက်တာတို့ အမျိုးမျိုးပေါ့၊ အခုဖြစ်ပျက်နေတဲ့ဟာတွေ တာဝန်ခံမှုပေါ့နော်၊ တပ်မတော်ကနေပြီးတော့မှ အဓိကတာဝန်ခံရမှာ"
မနေ့ကနဲ့ ဒီကနေ့တွေမှာ လောက်ကိုင်မြို့အနီးဝန်းကျင်းအတွင်း အစိုးရတပ်နဲ့ ကိုးကန့်တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတွေဟာ ကိုးကန့်တပ်တွေ ကြီးစိုးထားတဲ့ လောက်ကိုင်ကုန်းကြမ်း ဆက်သွယ်ရေးလမ်းမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကိုးကန့်အဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတေ့ာ ရင်ဆိုင်တိုက်ပွဲတွေဖြစ်တယ်လို့ ပြောပါတယ်။
အစိုးရဘက်က ၂၃ မိုင်အနီး တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး တောင်ကုန်း ၆ ခု ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ် လို့ပြောပေမဲ့ ကိုးကန့်အဖွဲ့ကတော့ စခန်းတချို့မှာ နောက်ကို အနည်းငယ်ဆုတ်ခွာခဲ့တာလို့ဆိုပါတယ်။
လောက်ကိုင်မြို့နယ်အတွင်းက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဦးတင်အောင်ခိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
