အလုပ်သမားဘက်က စတင်အကြမ်းဖက်ကြောင်း ညှိနှိုင်းရေးအဖွဲ့ ပြော

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ညက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ခဲ့တာဟာ ဆန္ဒပြအလုပ် သမားတွေက အကြမ်းဖက်ခဲ့တာဖြစ်တယ်လို့ ရန်ကုန် တိုင်းဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့က ပြောပါတယ်။

အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အလုပ်သမားရေးရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင် ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောဆိုခဲ့တာပါ။

"ရဲတပ်ဖွဲ့အနေနဲ့ အဲ့လိုအကြမ်းဆောင်ရွက်ဖို့ ဘာမှမပါဘူး၊ ကျနော်တို့ သွားစဉ်ကတည်းက ကျနော်တို့ တပ်ဖွဲ့ဝင်တွေ လက်နက်ကအစဘာမှမပါပဲနဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ဆိုပြီး ဒိုင်းတွေပဲ ယူသွားတာပါ၊ လမ်းလျှောက်ဆန္ဒပြတဲ့သူတွေက အကြမ်းဖက်မှုလုပ်တာဖြစ်ပါတယ်၊ အဲ့လိုလုပ်ခဲ့လို့ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ၁၅ ယောက်လောက် ဒဏ်ရာရရှိပါတယ်၊ သူတို့ပေါက်တဲ့ခဲတွေ၊ တုတ်တွေက အစ ကျနော်တို့ ကားပေါ်မှာရှိပါတယ်၊ ကျနော်တို့ရဲ့ တပ်ဖွဲ့ဝင်ကားတွေ မှန်တွေကွဲတယ်၊ ပျက်စီးသွား တယ်၊ ကျနော်တို့အနေနဲ့ ဘာတစ်ခုမှ အကြမ်းဖက်ဆောင်ရွက်တာမျိုးမရှိဘူး၊ ပြန်လှန်ပြီး တုန့်ပြန် တာတွေ ဘာတစ်ခုမှ မရှိခဲ့ဘူး"

ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ညက အလုပ်သမားတွေ သပိတ်စခန်းဖွင့်ထားတဲ့ Eland Myanmar အထည်ချုပ် စက်ရုံရှေ့ကို ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီး သပိတ်စခန်းကို ဖယ်ရှားဖို့ကြိုးစားစဉ်မှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး၊ အလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ယောက် ဝန်းကျင်ဒဏ်ရာရခဲ့ကြပါတယ်။

ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ Eland Myanmar ၊ Costec နဲ့ Ford Glory စက်ရုံတွေက အလုပ်သမား စုစုပေါင်း ၅ဝဝ ဝန်းကျင်က လုပ်ခလစာတိုးပေးဖို့အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒီအတွင်း အလုပ်သမားခေါင်းဆောင်တချို့ကို ညှိနှိုင်းဖို့ဆိုပြီး ရွှေပြည်သာမြို့နယ် အလုပ်သမားဦးစီးဌာနက မနေ့မနက်က ခေါ်ဆောင်သွားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး သပိတ်ရုပ်သိမ်းဖို့နဲ့ အလုပ်ပြန်ဆင်းဖို့သာ အာဏာပိုင်တွေက ပြောကြားတဲ့အတွက် အလုပ်သမားတွေအတွက် အဖြေတစုံတရာ မရရှိခဲ့ဘူးလို့ အလုပ်သမား ကိုယ်စားလှယ် ကိုသူဇော်က သူ့ရဲ့ အင်တာနက် လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

တချို့အလုပ်သမားတွေကို ဖမ်းဆီးအရေးယူမယ်လို့ အာဏာပိုင်တွေက ပြောကြားတယ်လို့လည်း ဆိုပါတယ်။