ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ် လေ့လာရေးကော် မရှင်ဟာ လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ စနစ်တွေအကြောင်း ဆွေးနွေးကြမယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က အခုလိုပြောပါတယ်။
"ကျနော်တို့ လေ့လာတွေ့ရှိထားတဲ့ ကိစ္စရပ်အနေ နဲ့ ပြန်လည်ဆွေးနွေးတာလည်း ပါတာပေါ့၊ သူတို့ ရှင်းပြချက်တွေမှာ မရှင်းတာတွေ ကျနော်တို့မေးဖို့ အကြောင်းအရာတွေလည်း ရှိပါတယ်၊ ဖိတ်ထားတာ ၁ဝ ဖွဲ့လောက်တော့ ရှိမယ်ထင်တယ်၊ ဒါပေမဲ့ အကုန် လုံးတော့ လာနိုင်မယ်မထင်ဘူး၊ နောက်တစ်ပတ်က စပြီးတော့ တွေ့မှာပေါ့လေ၊ ဘယ်အဖွဲ့တွေ လည်းတော့ မသိဘူး၊ ဖိတ်တာ တချို့အဖွဲ့တွေက လည်း နိုင်ငံခြားသွားနေတာ ရှိတယ်လေ၊ လာတော့မှပဲ ကျနော်တို့ကသိရမှာ၊ ပြည်တွင်းအဖွဲ့တွေလို့ပဲ ရေး ထားပါတယ်"
ဒီနေ့မှာ ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်အဖွဲ့ဝင်တွေက နိုင်ငံတကာ ရွေးကောက်ပွဲစနစ်တွေကို လေ့ လာစောင့်ကြည့်နေတဲ့ International Institute For Democracy Assistance (IDEA) က ကိုယ်စားလှယ်တွေ နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမမှာ တွေ့ဆုံပြီး ရွေးကောက်ပွဲစနစ် တွေအကြောင်းကို ဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။
ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဟာ သူတို့လေ့လာတွေ့ရှိချက်အစီရင်ခံစာကို လာမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်ပြသွားမယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ကို ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့က အဖဲ့ွဝင် ၂၄ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ် ပါတယ်။
ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရွေးကောက်ပွဲစနစ် လေ့လာရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
