သူရဦးရွှေမန်းကို ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြု

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည် စာရင်းတင်သွင်းထားတဲ့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုလိုက်ကြောင်း တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

သူရဦးရွှေမန်းကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုပြီးဖြစ်ကြောင်း တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးကိုကိုဦးက ပြောပါတယ်။

"ဒီနေ့ ပြည်ထောင်စုလွှတ်တော် နာယကကြီး လာရောက်စိစစ်ပြီး ပြီးတဲ့အထိပေါ့နော် ကျနော်တို့ တောင်ငူ ခရိုင်မှာက ကျနော်တို့ စိစစ်ပြီးသမျှတော့ ကန့်ကွက်တဲ့သူ အရည်အချင်းမကိုက်ညီတဲ့သူတော့ မရှိသေးပါဘူးဗျ၊ လက်ရှိ ကျနော်တို့ကတော့ စိစစ်ပြီးတဲ့သူတွေကိုတော့ နေ့စဉ်တင်ပြလျှက်ရှိပါတယ်၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၃၁ ရက်နေ့နောက်ပိုင်းပေါ့နော် မဲဆွယ်ကာလအတွင်း ၈ ၇က်နေ့ စပေးထားတော့လေ အဲ့ဒီကြားထဲမှာ ကျနော်တို့ ဘယ်နေ့မှာအတည်ပြုထားတဲ့သူတွေ ထုတ်ပြန်ကြေညာပါဆိုရင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားလာရင် ကျနော်တို့ ထုတ်ပြန်ကြေညာပေးပါ့မယ်ခင်ဗျ"

သူရဦးရွှေမန်းဟာ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ ပတ်သက်ပြီး ဒီကနေ့ သွားရောက်အစစ်ဆေးခံခဲ့ပါတယ်။

တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ၁၃၁ ဦး ရှိပြီး ကော်မရှင်ထံ လာရောက်အစစ်ဆေးခံပြီးသူ ဒီကနေ့အထိ ၇၇ ဦး ရှိပြီလို့လည်း သိရပါတယ်။

ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူတွေဟာ အသက် ၂၅ နှစ် ပြည့်ပြီးသူ နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားပြီး နိုင်ငံအတွင်းတစ်ဆက်တည်း ၁ဝ နှစ်ကြာ အခြေချနေထိုင်သူတွေဖြစ်ရမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပါရှိပါတယ်။