ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကော်မရှင်ဥက္ကဌ အပါအဝင် ၅ဦးနဲ့ ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင် ၄ဦး အမည်စာရင်းကို လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဒီကနေ့ ကြေညာခဲ့ပါတယ်။
"ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၆ ပါ ပြဌာန်းချက်အရ ကော်မရှင်အသစ် ဖွဲ့စည်းရမှာဖြစ် ပါတယ်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူထံမှ ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် လွှတ်တော်ရဲ့ သဘောတူညီချက် ရယူနိုင်ရေးအတွက် အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့တင်ပြထားပါတယ်၊ (၁) ဦးလှသိန်း၊ (၂)ဦးအောင်မြင့်၊ (၃)ဦးစိုးရယ်၊ (၄)ဦးထွန်းခင်၊ (၅)ဦးလှတင့် တို့ဖြစ်ပါတယ်၊ ပုဂ္ဂိုလ် ၅ ဦးအနက်မှ ဦးလှသိန်း အား ဥက္ကဌအဖြစ် တာဝန်ပေးအပ်လိုပါကြောင်း ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြုတင်ပြထားပါတယ်"
ကော်မရှင်အဖွဲ့သစ်မှာ ဥက္ကဌအဖြစ် လျာထားခံရတဲ့ ဦးလှသိန်းဟာ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း တစ်ဦးဖြစ်ပြီး အဖွဲ့ဝင်တွေဟာ အငြိမ်းစားအရာရှိတွေဖြစ်ပါတယ်။ ဦးလှသိန်းက သူ့အနေနဲ့ ဥက္ကဌတာဝန် ထမ်းဆောင်တဲ့အခါ ရွေးကောက်ပွဲကို ပြည်သူ့ဆန္ဒနဲ့ ထပ်တူဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ RFA ကို ပြောပါတယ်။
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစိုးရယ်ဟာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဒီမောဆိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်းဖြစ်သလို သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံထားရသူဖြစ်ပါတယ်။
အမည်စာရင်း တင်သွင်းခံထားရတဲ့ ကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင် ၄ဦးနဲ့ပတ်သက်ပြီး လာမယ့် မတ်လ ၂၈ ရက်မှာ အတည်ပြုမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌသစ် လျာထားခံရသူ ဦးလှသိန်း ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
