ရွေးကောက်ပွဲကော်မရှင်သစ်ထံ တာဝန်လွှဲပြောင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွ့ဲသစ်ထံ ကော်မရှင်ဥက္ကဌဟောင်း ဦးတင်အေးက တာဝန်လွှဲပြောင်းပေး အပ်တဲ့ အခမ်းအနားကို နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲ အတွေ့အကြုံတွေနဲ့ အကြံပြုချက်တွေ ရေးသားထားတဲ့ အစီရင်ခံစာကိုလည်း ကော်မရှင် ဥက္ကဌသစ် ဦးလှသိန်းထံ ပေးအပ်ခဲ့တယ်လို့ တာဝန်လွဲှပြောင်းပွဲကို တက်ရောက်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဟောင်း ဦးစိုင်းခမ်းဝင်းက ပြောပါတယ်။

"သူတို့အသစ် ၅ ဦးနဲ့တွေ့ပြီးတော့ သူတို့ကို လိုအပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဟာကို လွှဲပြောင်းပေးလိုက် တာပေါ့၊ ဘာတွေကို ရှေ့ဆက်ဆောင်ရွက်ရမလဲ ဘာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကို ရေးထားပြီးသားဆို တာ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေရော ပါမှာပေါ့နော်၊ နောက်ရှေ့ဘယ် လိုတွေ ပြင်သင့်တယ်ပေါ့နော်၊ ဘာတွေကိုဆက်ပြီးတော့ ဘယ်လိုတွေထားသင့်တယ်ပေါ့နော်၊ ဆိုလိုတာက နမူနာလေးပေါ့နော် ရွေးကောက်ပွဲမှာ ကြိုတင်မဲကိုထားသင့် မထားသင့်ပေါ့နော်၊ ကြိုတင်မဲထားရင် ရှုပ်ထွေးတဲ့ အနေအထားတွေ ရှိတဲ့အကြောင်းပေါ့နော်၊ မထားဘူးဆိုရင်တော့ ဘယ်လိုပေါ့နော်၊ ထားရင်တော့ ဘယ် လိုပေါ့နော်၊ အကျိုးအကြောင်း အဲ့ဒါမျိုးတွေကအစပေါ့နော်"

ကော်မရှင်ဥက္ကဌဟောင်း ဦးတင်အေးက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လိုအပ်တာတွေရှိရင် အကူအညီတောင်း နိုင်ကြောင်း၊ တတ်နိုင်သလောက် ကူညီပေးသွားမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့လည်း ဦးစိုင်းခမ်းဝင်းက ပြောပါတယ်။

ကော်မရှင်အသစ်က လာမယ့် ဧပြီလ ၁ ရက်နေ့ကစတင် တာဝန်ယူမှာဖြစ်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုတွဲပေါင်း ၄၇ မှုကို ကော်မရှင်အသစ်က ဆက်လက်စစ်ဆေးရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကော်မရှင်အဖွဲ့ကို ဥက္ကဌ ဦးတင်အေး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မရှင်သစ်ကို ဥက္ကဌ အပါအဝင် ၅ ဦးနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။