ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်း အားလုံးအတွက် လစာကျပ် သန်း ၃ ထောင်ကျော်ကျမည်

တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ မြို့နယ်အဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင်တွေကို လစာချီးမြှင့်မယ်ဆိုရင် တစ်နှစ်ကို ကျပ်သန်းပေါင်း သုံးထောင့်သုံးရာကျော် ကုန်ကျမှာဖြစ်တယ်လို့ ဒီနေ့ အမျိုးသားလွှတ်တော် မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်အဖွဲ့ဝင်တွေကို လုံလောက်တဲ့လစာ ဒါမှမဟုတ် ထောက်ပံ့ကြေးငွေတွေပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းရာမှာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အခုလိုပြောကြားခဲ့ပါ။

"တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်များတွင် တာဝန်ထမ်းဆောင် လျှက်ရှိကြတဲ့ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအဆင့်များကို အခြေခံပြီး တိုင်းဒေသကြီးပြည်နယ်အဆင့်မှာ တစ်ဦးလျှင်တစ်လ နှစ်သိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ခရိုင်အဆင့်တွင် နှစ်သိန်းငါးသောင်းကျပ်နှုန်းဖြင့်လည်းကောင်း၊ မြို့နယ်အဆင့်တွင် တစ်သိန်းကျပ်နှုန်းဖြင့်လည်းကောင်း အခြေခံလျာထား၍ ခန့်မှန်းတွက်ချက်ဆောင်ရွက်ခဲ့ပါတယ်။ ဘဏ္ဍာနှစ်တစ်နှစ်လျှင် သုံးထောင့် သုံးရာ ခြောက်ဆယ်ခြောက်သန်းခန့် ကုန်ကြမှာဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။"

လက်ရှိမှာ ဗဟိုအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေသာ လစာရရှိတယ်လို့ သိရပါတယ်။ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင်အဆင့်ဆင့်ကို လစာပေးဖို့အတွက် ဥပဒေမပြဌာန်းနိုင်သေးတာကြောင့် အခုလောလောဆယ် မှာ လစာပေးဖို့ အစီစဉ်မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအတွင်း မဲရုံမှာတာဝန်ထမ်းဆောင်တဲ့သူတွေကို မဲပေးတဲ့နေ့မှာ တစ်ဦးကို ငွေကျပ် ၁ဝဝဝ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။