ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကုန်ကျစရိတ်များနေ


2016.08.22
dr-hlamoe-620.jpg ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး သြဂုတ်လ ၂၂ ရက်နေ့က အဆိုတင်သွင်းနေစဉ်
Photo: Win Naung Toe/ RFA

တိုင်းနဲ့ ပြည်နယ်တွေမှာ အသစ်ခန့်အပ်မယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေအတွက် ပေး ရမယ့် လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေ ဟာများနေတာကြောင့် ပြန်လည်သုံးသပ်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက တင်သွင်းခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဒေါက်တာလှမိုးက အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

"နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကိုစိစစ်သုံးစွဲနေရတဲ့အချိန်မှာ ဒီလစဉ်ချီးမြှင့်ငွေအတွက် ကျခံရမယ့်ငွေ ဟာ နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အဆင့်ဆင့်သော ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေဟာလည်း အမြဲတမ်း အချိန်ပြည့်တာဝန်ပေးအပ်ရန် မလိုအပ်ပါဘူး၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ကျမှ လုပ်ငန်းလိုအပ်ချက်အရ ကာလတစ်ခု သတ်မှတ် ဖွဲ့စည်းပြီး လစဉ်ချီးမြှင့်ငွေပေးအပ်မယ်ဆိုရင် ပိုမိုသင့်တော်တယ်ဆိုတာ သိသာထင်ရှားပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ ကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်မှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ် ကနေ အောက်ခြေအဆင့်ထိ ဝန်ထမ်းအင်အား စုစုပေါင်း (၂၀၀၀) နှစ်ထောင်နီးပါးအတွက် ၁ နှစ်စာ ချီးမြှင့်ငွေ မှာ ငွေကျပ် ၄ ဘီလီယံနီးပါး ကုန်ကျနေကြောင်း ဒေါက်တာလှမိုးက ပြောခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တိုင်းနဲ့ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေ၊ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စုတို့ အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေကို ခေါ်ယူထားပြီး လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ခန့်အပ်မှာဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌတွေနဲ့ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေအတွက် တစ်နှစ်ကို ငွေကျပ် ဘီလီယံ ၅၀ ကုန်ကျမှာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေအတွက် လစဉ်ချီးမြှင့်ငွေနဲ့ စရိတ်တွေကို ၃ နှစ်နီးပါးအတွက် လျာထားသတ်မှတ်ထားတာကို ပြန်လည်သုံးသပ်သင့်ကြောင်း အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်က ထောက်ခံခဲ့ပါတယ်။ အဲ့ဒီအဆိုကို လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်အသီးသီးအတွက် စုစုပေါင်းအသုံးစရိတ်မှာ ငွေကျပ် ၃၈ ဘီလီယံနီးပါးသာ ကုန်ကျခဲ့ကြောင်း ဒေါက်တာ လှမိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။