ရွေးကောက်ပွဲကော်မရှင် အသစ်ပြန်ဖဲ့ွပေးဖို့ တောင်းဆို

တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့တဲ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ် သူ ဦးတင်အေး ဦးဆောင်တဲ့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကို ပြန်လည်ဖဲ့ွစည်းပေးဖို့ ဥပဒေပညာရှင်တွေ နဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က တောင်းဆို လိုက်ပါတယ်။

ပါတီနိုင်ငံရေးကင်းရှင်းသူတွေနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးဖို့ တောင်းဆို တာဖြစ်တယ် လို့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက် ဦးဆောင် ကော်မတီဝင် ဦးကြည်ဝင်းက ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ကို တရားမျှတပြီး သီလ၊ သမာဓိ၊ သိက္ခာနဲ့ ကိုက်ညီတဲ့ ပါတီနိုင်ငံရေး ကင်းရှင်းသူတွေနဲ့ ဖွဲ့စည်းမှ ရွေးကောက်ပွဲကတရား မျှတမယ်၊ လွတ်လပ်မယ်လို့ ယုံကြည် ပါတယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၉၈ အပိုဒ်( ခ )နဲ့မညီဘူး၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅ နဲ့မညီညွတ်ဘူး၊ ဒါကြောင့်ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးပါ လို့ ပြည်ထောင်စုလွှတ်တော် နဲ့ နိုင်ငံတော်သမ္မတ ကိုတောင်းဆိုတာပါ၊ ဒီနေ့လုပ်တဲ့ပွဲက ရရှိတဲ့လက်မှတ်တွေကို ဧပြီလမကုန်ခင်ရောက်အောင်ပို့ပေးမှာပါ"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့အတွက် တောင်းဆိုတဲ့ လက်မှတ်ကောက်ခံပွဲကို ရန်ကုန်မြို့တာမွေမြို့နယ်မှာ ဒီနေ့ ကျင်းပခဲ့ရာ အခမ်းအနား တက်ရောက်လာသူ ၂၀၀ လောက်က လက်မှတ်ရေးထိုးခဲ့ တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နဲ့ ဦးသိန်းသန်းဦးတို့က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ အကြောင်း ဟောပြောခဲ့ပါတယ်။

ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကောက်ခံထားတဲ့လက်မှတ် ၂ထောင်ကျော် ကို နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော်ထံ ပေးပို့ထားပြီး ဖြစ်ပါတယ်။