ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ လာမယ့် အောက်တို ဘာ ၂၄ ရက်နေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းပြီးနောက် နိုင်ငံရေးပါတီတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က ပြောပါတယ်။
"ဒီပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ်မှာ နိုင်ငံရေးပါတီတွေနဲ့တွေ့တာ ဒါပထမဆုံးအကြိမ် ပဲ၊ ၂၀၁၆ ခုအောက်တိုဘာလ ၂၄ တနလာၤနေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ရုံးအမှတ် ၂၂ နေပြည်တော်မှာ ကျင်းပမယ်ဆိုပြီး ဥက္ကဌ ကိုယ်စား အတွင်းရေးမှူး ဦးတင်ထွန်းက လက်မှတ်ရေး ထိုးပြီး ဖိတ်စာပို့ထားတယ်" လို့ ဦးသိန်းညွန့်က ပြောပါတယ်။
လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူးစတဲ့ ၉မြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်နေရာတွေ လစ်လပ်နေပါတယ်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃၊ ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ် ၄ နဲ့ ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် ၆တို့မှာ အမျိုးသားလွှတ်တော်နေရာတွေ လစ်လပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်လွှတ်တော်တွေမှာတော့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁နဲ့ ၂၊ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ နဲ့ ၂ တို့ လစ်လပ်နေတာ ဖြစ်ပါတယ်။
