ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးခန်းမှာ ရန်ကုန်အခြစိုက် ပါတီ (၂၇) ပါတီနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဆွေးနွေးပွဲအပြီးမှာ RFA ကို ပြောတာပါ။
"ပြင်စရာတွေအများကြီးရှိပါတယ်။ အခုဆို ကန့်ကွက်လွှာ ၄ ခုရှိတယ်။ စစ်လိုက်တဲ့အခါကျတော့ ပြီးသွားပြီ။ ဒါကလည်းပဲ နိုင်တဲ့သူကနိုင်တယ်။ ရှုံးတဲ့လူက ရှုံးတယ်။ အဲတာပြီးတော့ ပြန်ပြီးတော့ Rule and Regulation တွေကို ပြန်လေ့လာနေတယ်။ ပြန်လေ့လာပြီးနောက်ပိုင်း ဘာတွေလုပ်သလဲဆိုရင် ပိုတာတွေအကုန်လုံး၊ မလိုတာတွေဖြုတ်လိုက်မယ်။ လိုနေရင် ထပ်ဖြည့်မယ်။ ဒီသဘောလုပ်ပါတယ်။ လုပ်ပြီးရင် စာတမ်းတွေလုပ်ပြီးတော့ လူထုတွေ နားလည်အောင်၊ နောက်ရွေးကောက်ပွဲကျရင် skill ဖြစ်အောင်ပေါ့"
ဒါ့အပြင် ဒီနေ့ဆွေးနွေးပွဲကို နိုင်ငံရေးပါတီတွေနဲ့ အတူပူးပေါင်းပြီး နိုင်ငံတော်ကောင်းအောင်နဲ့ လက်ရှိနိုင်ငံတော်မှာ တွေ့ကြုံခံစားနေရတဲ့ အခက်ခဲတွေဖြစ်တဲ့ လယ်သမားအရေး၊ အလုပ်သမားအရေး၊ လျှပ်စစ်ဓာတ်အားပြဿနာနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေမှာ မှန်တဲ့နည်းလမ်း၊ မှန်ကန်တဲ့ဘက်ကနေ ပူပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ပါတီတွေနဲ့ တွေ့ဆုံတာလို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။
ဒီတွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ SNLD ပါတီအပါဝင် ပါတီ (၂၇) ပါတီမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပြီး ပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာရပ်တွေ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပါတီတွေအနေနဲ့ ပါဝင်ဆောင်ရွက်လိုတဲ့ ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ အပါအဝင် လက်ရှိနိုင်ငံတော်မှာ ဖြစ်ပေါ် ကြုံတွေ့နေရတဲ့ ပြဿနာအခက်ခဲ အရပ်ရပ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။