ကြားဖြတ် ရွေးကောက်ပွဲအပြီးမှာ CRPP ကို အမည်သစ်နဲ့ ပြန်ဖွဲ့မည်

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ မဟာမိတ် ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP ကို လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအပြီးမှာ အမည်သစ်နဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့ရှိတယ်လို့ CRPP အတွင်းရေးမှူး ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

ဒါအပြင် ၂၀၀၀ ပြည့်နှစ်မှာ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ချုပ် (UNA) ကိုလည်း ပြန်လည်ဖွဲ့စည်းဖို့ရှိတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။ တိုင်းရင်းသားပါတီတွေ မှတ်ပုံတင်ပြီးတဲ့အခါ ပြန်လည်ဖွဲ့စည်းမယ့် တိုင်းရင်းသား လူမျိုးများအဖွဲ့ချုပ်ရဲ့အမည်ကိုတော့ အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှာဖြစ်တယ်လို့ ဦးအေးသာအောင်ကဆိုပါတယ်။ ၁၉၉၃ ခုနှစ်လောက်က တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ဂရက်နဲ့ မွန် အမျိုးသား ဒီမိုကရေစီပါတီတွေ ဖျက်သိမ်းခံခဲ့ရပါတယ်။ ဒါကြောင့် ရခိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်က ပြန်ပြီးမှတ်ပုံတင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားခဲ့တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီး အမျိုးသားကွန်ဂရက်နဲ့ မွန် အမျိုးသား ဒီမိုကရေစီပါတီအနေနဲ့ မကြာခင် ပါတီမှတ်ပုံတင်မှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။