မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ ခေါင်းဆောင်များ ချီးကျူး ဂုဏ်ပြု

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်နီးပါး အနိုင်ရရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ချီးကျူး ဂုဏ်ပြုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းက ဒီရလဒ်ဟာ မြန်မာပြည်ရဲ့အနာဂတ် ပိုမို ကောင်းမွန်လာဖို့အတွက် ထင်ရှားတဲ့ နောက်တစ်ဆင့် တိုးတက်မှုအဖြစ် မနေ့က ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဆက်လက်ပြီး အားလုံး ပူးပေါင်း ဆောင်ရွက်သွားဖို့ မစ္စတာ ဘန်ကီးမွန်းက တိုက်တွန်းတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီး Eri Kaneko က အာအက်ဖ်အေကို ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲက ရရှိလာတဲ့ အရေးကြီးတဲ့ အောင်မြင်မှုရလဒ်ကို တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးအတွက် အစိုးရနဲ့ နိုင်ငံရေးပါတီအားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရအနေနဲ့ ဒီထက်ပိုပြီး ကြိုးစားဆောင်ရွက်ပေးဖို့လည်း မစ္စတာ ဘန်ကီးမွန်းက တောင်းဆိုလိုက်ပါတယ်လို့ Eri Kaneko က ပြောသွားတာပါ။

အမေရိကန် သမ္မတ အိုဘားမားကလည်း ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကို မြန်မာပြည်သူတွေရဲ့ အောင်ပွဲတစ်ရပ်အဖြစ် ချီးကျူးဂုဏ်ပြုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ ပါတီအတွက် ဝမ်းမြောက်ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူတဲ့ မူဝါဒနဲ့ ပတ်သက်လို့တော့ အခြေအနေတွေကို သုံးသပ်နေဆဲ ရှိသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland ကဆိုပါတယ်။

အမေရိကန် အစိုးရအနေနဲ့ အရင်က ပြောထားတဲ့အတိုင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ တိုးတက်ရင် တိုးတက်သလို အမေရိကန်ဘက်ကလည်း တုံ့ပြန် ဆက်ဆံသွားမယ်ဆိုတဲ့ မူအရ ဆောင်ရွက်နေပါတယ်။

ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာပြည်သူတွေနဲ့ ရွေးကောက်ပွဲ အနိုင်ရသူတွေကို ချီးကျူး ဂုဏ်ပြုထားပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲအတွင်း မမှန်ကန်တဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါတယ်လို့လည်း Victoria Nuland က သတင်းထောက်တွေကို ပြောဆိုပါတယ်။

အလားတူပဲ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း ၆၆ နှစ် ကြာမြင့်ခဲ့ပြီးတဲ့နောက် ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် သမိုင်းဝင် ရလဒ်ပါပဲလို့ မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အခုလို ကြားဖြတ် ရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီပါတီ လွှတ်တော်တွင်း ဝင်ရောက်လာနိုင်တဲ့ အပေါ်မှာ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ဆောင်ရွက်ချက်ကို နိုင်ငံတကာ ခေါင်းဆောင်တွေက အသိအမှတ်ပြုကြောင်း အသီးသီး ပြောဆိုခဲ့ကြပါတယ်။