ရွေးကောက်ပွဲ စောင့်ကြည့်ကွန်ယက်ဖွဲ့စည်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဦးစီးပြီး ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုကွန်ယက် တစ်ခု ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ ဘက်လိုက်မှုမရှိပဲ၊ ဆောင်ရွက်သွားဖို့ ရည်ရွယ်တာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA ကိုပြောပါတယ်။

"ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီးတော့ ကျွန်တော်တို့ အတွေ့အကြုံ ယူချင်တယ်။ နိုင်ငံသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍ ဖော်ထုတ်၊ မြှင့်တင်ဖို့ ရည်ရွယ်ပြီး လုပ်တာပါ။ အတတ်နိူင်ဆုံး လွတ်လပ်တဲ့၊ ဘက်မလိုက်တဲ့ စောင့်ကြည့်လေ့လာမှုမျိုး ပွဲဦးထွက် တည်နိုင်ပြီဆိုရင်၊ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာလည်းပဲ ရွေးကောက်ပွဲတွေရဲ့ အရည်အသွေး၊ မဲပေးနိုင်သူ နိုင်ငံသားတွေရဲ့ ပါဝင် ဆောင်ရွက်မှုနှုန်းကအစ အားလုံးပိုပြီးတော့ မြင့်တက်လာအောင် တွန်းအားပေးနိုင်မယ်၊ ရွေးကောက်ပွဲတွေရဲ့ ဂုဏ်သိက္ခာကိုလည်းမြှင့်တင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ကိုကိုကြီးက ပြောပါတယ်။

သူတို့အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၄၈ နေရာစလုံးမှာ၊ အတတ်နိုင်ဆုံး လေ့လာစောင့်ကြည့်ရေး၊ ကြိုးစားသွားမှာ ဖြစ်သလို၊ ရလာတဲ့ တွေ့ရှိချက်တွေကိုလည်း မီဒီယာနဲ့ ပြည်တွင်း၊ ပြည်ပကို အစီရင်ခံ တင်ပြသွားမယ်လို့ ကိုကိုကြီးကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုကိုကြီးကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

0:00 / 0:00