မလေးရှား ဝန်ကြီးချုပ် Najib Razak နဲ့ ကွာလာလမ်ပူမှာ တွေ့ဆုံဆွေးနွေးစဉ် မစ္စတာ ဘန်ကီမွန်းက ပြောခဲ့တာပါ။ မစ္စတာ ဘန်ကီမွန်းပြောတာက "သမ္မတ ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေ ရှိလာနေပါတယ်။ ပိုပြီး လွတ်လပ်မှုတွေ တွေ့လာရသလို လွတ်လပ်စွာ ပြောဆိုခွင့်လည်း ရရှိနေတဲ့အတွက် ဝမ်းမြောက်မိကြောင်း၊ ဒီလို တိုးတက်မှုတွေကနေ အနာဂတ် မြန်မာ့နိုင်ငံရေးဟာ ပိုကောင်းလာမယ့် အလားအလာဖြစ်လာဖို့ နိုင်ငံတကာ အနေနဲ့ အထူးမျှော်လင့်ပါတယ်" လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
မစ္စတာ ဘန်ကီမွန်းဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖို့ ရှိကြောင်းလည်း သိရပါတယ်။ ဒီအတောအတွင်းမှာပဲ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ စောင့်ကြည့် လေ့လာဖို့အတွက် သြစတေးလျနိုင်ငံက ကိုယ်စားလှယ် ငါးဦး စေလွှတ်မှာ ဖြစ်တယ်လို့ သြစတေးလျ အစိုးရက ကြေညာလိုက်ပါတယ်။
သြစတေးလျ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်၊ အီးယူနဲ့ အာဆီယံနိုင်ငံက ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး၊ ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှု ရှိ မရှိ လေ့လာသွားမယ်လို့ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန် နိုင်ငံကလည်း၊ ကိုယ်စားလှယ် ၂ ဦးနဲ့ သတင်း မီဒီယာသမား ၃ ဦး စေလွှတ်မယ်လို့ ကြေညာထားပါတယ်။ အလားတူ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကလည်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ် ၂ ဦးစီနဲ့ မီဒီယာကိုယ်စားလှယ်တွေပါ စေလွှတ်ဖို့ မြန်မာအစိုးရက ဖိတ်ကြားထားပါတယ်။
