ရွေးကောက်ပွဲစနစ် လေ့လာ သုံးသပ်ရေး ကော်မရှင်ဖွဲ့စည်း


2014.07.31
parliament-305.jpg လွှတ်တော်တက်နေသော လွှတ်တော်အမတ်များ ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိမယ့် ရွေးကောက်ပွဲ စနစ်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် လေ့လာ သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦး၊ ဥပဒေပညာရှင် ၅ ဦးနဲ့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖဲ့ွစည်းလိုက်ပါတယ်။

လေ့လာသုံးသပ်ရေး ကော်မရှင်ဖွဲ့စည်းတဲ့ ရည်ရွယ်ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက လွှတ်တော်မှာ အခုလို ပြောပါတယ်။

"အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံတာလည်း ဖြစ် ချင်ဖြစ်မယ်၊ သို့မဟုတ်ရင် FPTP ကို အခြေခံတာ လည်း ဖြစ်ချင်ဖြစ်မယ်၊ သို့မဟုတ် ဒီနှစ်ခုစလုံးကို အခြေခံတာဖြစ်ချင်ဖြစ်မယ်၊ အရေးကြီးတာက ကျနော်တို့ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ရွေးကောက်ပွဲစနစ်ကို လေ့လာသုံးသပ်ဖော်ဆောင်ပေးဖို့ ဒီကော်မရှင်ဖွဲ့စည်းပေးတယ်ဆိုတာကို ကိုယ်စားလှယ်များအားလုံး နားလည်ဖို့လိုပါလိမ့်မယ်၊ ဒီကောင်မရှင် ဖွဲ့စည်းခြင်းဟာ မြန်မာနိုင်ငံနဲ့ သင့်တော်မည့် ရွေးကောက်ပွဲစနစ်ကို ဖော်ဆောင်ပေးနိုင်ဖို့အတွက် ကော်မရှင်က အစီရင်ခံစာ သုံးသပ်တင်ပြဖို့အတွက်ဖြစ်ပါတယ်"

အဲ့ဒီကော်မရှင်ရဲ့ သက်တမ်းဟာ ဒီနေ့ကနေ ၂ လတိတိ သက်တမ်းရှိမှာဖြစ်ပြီး တကယ်လို့ ကော်မရှင်လုပ်ငန်း မပြီးသေးရင် ပြည်ထောင်စုလွှတ်တော်ထံ အစီရင်ခံစာပေးသွင်းနိုင်တဲ့အထိ သက်တမ်းကို တိုးမြှင့်သတ်မှတ် သွားမယ်လို့ သိရပါတယ်။

ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ကိုယ်စားလှယ် ၅ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ၂ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁ ဦးနဲ့ တခြားနိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၉ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ကော်မရှင် ဥက္ကဌအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက  ဦးတင်မောင်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးသိန်းထွန်းဦးတို့ကို တာဝန်ပေးထားပြီး အဲ့ဒီကော်မရှင်ဟာ ဒီနေ့ ပထမဆုံးအစည်းအဝေး ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် တင်သွင်းတဲ့ မူလအဆိုဖြစ်တဲ့ "မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေး တိုက်တွန်းကြောင်း" အဆိုနဲ့ဆက်စပ်ပြီး ကော်မရှင်ဖွဲ့စည်းဖို့ ပြည်သူ့ လွှတ်တော်က လွန်ခဲ့တဲ့ နှစ်ရက်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်း လွှတ်တော်တွေထဲမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေပိုရအောင် မတည်ဆောက်နိုင်သေး ပဲ နိုင်ငံရေးအားစမ်းမှု တွေ့နေရတယ်လို့ ၈၈မျိူးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက သုံးသပ်လိုက်ပါတယ်။ OMI လို့ခေါ်တဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ လွှတ်တော်စောင့်ကြည့်ရေး သုသေတနအဖွဲ့မှာ အကြံပေးတစ်ဦး အဖြစ်လည်း ပါဝင်ဆောင်ရွက်နေတဲ့  ဦးကိုကိုကြီးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။