ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ အမေရိကန်လာမည်

လာမယ့်ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာခွင့်ကို နိုင်ငံတကာစံချိန်နဲ့ ကိုက်ညီအောင် စီစဉ်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အမေရိကန်ပြည်ထောင်စုက မနေ့က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ရဲ့ဖိတ်ခေါ်ချက်အရ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို အမေရိကန်အစိုးရက စေလွှတ်မှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland က သတင်းထောက်တွေကို ပြောပါတယ်။

ဒီရွေးကောက်ပွဲ စောင့်ကြည့်ရေးကိစ္စကို မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန် စံနှုန်းတွေနဲ့ အညီ၊ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ဖို့ အမေရိကန်အစိုးရက အားပေး တိုက်တွန်းပါတယ်လို့ Victoria Nuland က ပြောသွားပါတယ်။

ဒါအပြင် စံနှုန်းပြည့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့နေရာမှာ ကြိုတင် စီစဉ်ဆောင်ရွက် တာတွေ၊ ရွေးကောက်ပွဲနောက်ပိုင်း ဆက်ပြီးလုပ်ဆောင်ရမှာတွေ၊ အမှန်တကယ် လိုအပ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

စောင့်ကြည့်ရေးအဖွဲ့တွေ ပိုပြီး အားကောင်းဖို့အတွက် အာဆီယံအပါအဝင်၊ အခြားနိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ အမေရိကန်က ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမယ့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ထဲမှာ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ ၂ ဦးနဲ့ သတင်းထောက် ၃ ဦး ပါဝင်မှာ ဖြစ်ပေမယ့် အမည်စာရင်းတွေကို တရားဝင် ပြောဆိုခြင်း မရှိပါဘူး။