မဲရလဒ် လွဲမှားမယ့်အရေး မဲဆန္ဒရှင်တွေ စိုးရိမ်ပူပန်

ဒီကနေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်အထိ မဲစာရင်းအရေအတွက် မှန်မှန်ကန်ကန် မရှိတာကြောင့် မဲအရေအတွက် ရလဒ်မှားယွင်း ချွတ်ချော်မှုတွေ ရှိမှာကို မဲဆန္ဒရှင်အများစုက စိုးရိမ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေမှာ မဲထည့်ရမယ့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ အိမ်ထောင်စုစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၁ ဦးရှိတဲ့ အထဲမှာ အခုချိန်ထိ ၅ ဦးပဲ မဲစာရင်းထဲ ပါနေသေးတယ်လို့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

အလားတူပဲ တခြားမြို့နယ်တွေမှာလည်း မဲပေးရမယ့်နေ့အထိ မဲစာရင်းအရေအတွက် မှန်မှန်ကန်ကန် မလုပ်နိုင်တာ တွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးနေမျိုးဇင်က ပြောပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေမှာ ပြည်သူတွေက မဲပေးဖို့ အသင့်ဖြစ်နေကြတယ်လို့လည်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေက မဲရုံတွေ မဖွင့်မီက အာအက်ဖ်အေကို ပြောပါတယ်။