မြန်မာရွေးကောက်ပွဲ ရေဒီယိုစကားဝိုင်း အင်ဒိုနီးရှားမှာ တိုက်ရိုက်ထုတ်လွှင့်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ အခြေစိုက်တဲ့ ရေဒီယို KBR 68 လို့ အမည်ပေးထားတဲ့ FM ရေဒီယိုကနေ မြန်မာ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်တခု ဒီကနေ့ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

2010.09.29
han_yaung_hui_A_305_z.jpg မြန်မာစစ်အစိုးရ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသင့်သည် ဆိုသည့်ဘက်မှ ဆွေးနွေးခဲ့သော ဥရောပ- မြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ရွှေ။ (Photo: RFA)
(Photo: RFA)
အဲဒီအသံလွှင့် အစီအစဉ်မှာ ရွေးကောက်ပွဲ လက်သင့်ခံသင့် မခံသင့် အကျယ်အပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ပါဝင်ဆွေးနွေးသူတဦး ဖြစ်တဲ့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုရဲ့ နိုင်ငံခြားရေးရာတာဝန်ခံ မခင်ဥမ္မာက ပြောပါတယ်။

“အဓိက ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ ပြည်တွင်းပြည်ပ ဒီမိုကရေစီနဲ့ တိုင်းရင်းသား အခွင့်အရေး လှုပ်ရှားနေတဲ့သူတွေ NLD နဲ့ တခြား ၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေနဲ့ အခု အားလုံးကနေပြီးတော့မှ ရွေးကောက်ပွဲကို ကျွန်မတို့ သပိတ်မှောက်ကြတဲ့ ကိစ္စ၊ ဘာကြောင့် သပိတ်မှောက်ရသလဲ ဆိုတဲ့ ဥစ္စာကိုလည်း ဒီမှာ သေသေချာချာ ဆွေးနွေး တင်ပြတာမျိုး လုပ်နိုင်ခဲ့ပါတယ်။ ဆိုတော့ အဓိကကတော့ ရွေးကောက်ပွဲကို ဘာကြောင့် သပိတ်မှောက်လဲ၊ ပြီးသွားတော့ ရွေးကောက်ပွဲဟာ အခွင့်အလမ်းတခု ဟုတ်လား ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးတာတွေ ရှိပါတယ်။”

မခင်ဥမ္မာနဲ့အတူ ပါဝင်သူတဦး ဖြစ်တဲ့ ဥရောပမြန်မာရုံး ညွှန်ကြားရေးမှူး ဦးဟန်ညောင်ရွှေကတော့ ရွေးကောက်ပွဲကို လက်ခံသင့်တယ်ဆိုတဲ့ဘက်က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒီအစီအစဉ်မှာ အင်ဒိုးနီးရှား နိုင်ငံခြားရေးရာဌာနက အရာရှိတဦးလည်း ပါဝင်ဆွေးနွေးတယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲအပြီး မြန်မာလူငယ်တွေဖွဲ့စည်းထားတဲ့ Generation Wave မျိုးဆက်သစ် အစည်းအရုံးက လူငယ်နှစ်ဦးရဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ မြန်မာပြည် လွတ်မြောက်ရေး ဟစ်ဟော့သီချင်း ဖျော်ဖြေရေး အစီအစဉ် ကျင်းပခဲ့ပါတယ်။

FM ရေဒီယို KBR 68 ကို ၂၀၀၃ ခုနှစ်မှာ စတင် ထူထောင်ခဲ့ပြီး အင်ဒိုနီးရှားဘာသာနဲ့ ထုတ်လွှင့်ခဲ့ရာကနေ အခုလက်ရှိမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်ချက်တွေကို အာရှတိုက်တလွှားရှိ ရေဒီယိုအသံလွှင့်ဌာနပေါင်း ၂၈၀ ကနေ အာရှတိုက်သုံးစကား ၁၀ မျိုးနဲ့လည်း ဘာသာပြန်ဆို ထုတ်လွှင့်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။