ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်

0:00 / 0:00

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိနဲ့ တပ်ကုန်းမြို့နယ်တို့မှာ ရွေးကောက်ပွဲဝင်မယ့် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ဦးဟာ သူတို့ရဲ့ မဲဆန္ဒနယ်မြေတွေမှာ ဒီကနေ့ စတင်မဲဆွယ် စည်းရုံးရေးဆင်းနေပါတယ်။ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်မှာ NLD ပါတီက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက သူတို့ကိုမဲပေးဖို့ ပြောခဲ့ပါတယ်။

"ကျနော်တို့သည် အခုမှကိုယ်စားလှယ်လောင်းဘဝ စဖြတ်သန်းတာဖြစ်တဲ့အတွက် အမှားတွေရှိနိုင်ပါတယ်၊ ကျနော်တို့ကို ဆုံးမပါ သွန်သင်ပါလို့ အပ်ပါတယ်၊ အမတို့ အကိုတို့ကတဆင့်ပဲ ပြည်သူတွေကို အပ်ပေးကြပါ၊ ပြီးတော့ ဆုံးမသွန်သင်ပြီးတဲ့အခါ ခိုင်းပါ၊ ခိုင်းတဲ့အခါကျတော့ ဘာလိုသလဲဆိုတဲ့အခါကျတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ဖို့လိုပါတယ်၊ အဲ့ဒါကြောင့် ခိုင်းနိုင်အောင် မဲပေးကြပါလို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်"

ဥတ္တရသီရိမြို့နယ်က မဲဆွယ်ပွဲကို ဒေသခံ ၇၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ မဲဆွယ်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကတော့ ဦးမောင်မောင်ဆွေ အပြင် ဥတ္တရသီရိမြို့နယ်ကနေ ယှဉ်ပြိုင်မယ့် ဦးကျော်မင်းလှိုင်၊ ဇမ္ဗူသီရိမြို့နယ်ကနေယှဉ်ပြိုင်မယ့် ဦးဖြိုးဇေယျာသော် တို့ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီ ကနေ ဝင်ရောင်ယှဉ်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ၁၀ ဦးရှိပါတယ်။

အလားတူ မန္တလေးမြို့မှာလည်း NLD ပါတီက ခွပ်ဒေါင်းအလှပြယာဉ်တွေနဲ့ မြို့တွင်းမှာ လှည့်လည်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ကိုယ်စားလှယ်လောင်း ၃ဦးဟာ ဒီနေ့ လားရှိုးမြို့ အမှတ် ၄ ရပ်ကွက် သီရိသူရဿတိမယ်တော်ကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သူ့ရဲ့ဆောင်ရွက်ချက်တွေကို အားရကျေနပ်တယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

"လားရှိုး အမှတ် ၄ ရပ်ကွက်ရဲ့ ဖွံ့ဖြိုးတိုးတက်ရာ တိုးတက်ကြောင်း ကျနော်က ဆောင်ရွက်ပေးရမယ်၊ ကျနော်သိခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်ကာလမှာလည်း ဒါတွေတတ်နိုင်သလောက် လုပ်ပေးခဲ့တာရှိပါတယ်၊ ကျနော်တို့ လုပ်ဆောင်မှုတွေကို အားရတယ်၊ ကျနော့်ကို နောက်သက်တမ်းအနေနဲ့ ထပ်ပြီးတော့မှ ထောက်ခံ ချင်တယ်ဆိုလို့ရှိရင်မဲပေးဖို့ ကျနော့်နေနဲ့ မေတ္တာရပ်ခံပါတယ်"

ဒီနေ့ မဲဆွယ်ပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဒေါက်တာစိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်နန်းကိန်ဖောင်တစ်၊ ပြည်နယ်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးစိုင်းကြူ နဲ့ အငြိမ်းစား ဗိုလ်မှူးကြီးအောင်သူတို့ က ဟောပြောခဲ့တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ဒေါ်နန်းကိန်ဖောင်တစ် က သူ့အနေနဲ့ အမျိုးသမီးအခွင့်အရေးတွေ ပိုမိုရရှိဖို့အတွက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဗိုလ်မှူးကြီး အောင်သူဟာ ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူခဲ့သူဖြစ်ပြီး ရွေးကောက် ပွဲဝင်ဖို့အတွက် တပ်မတော်ကနေ အငြိမ်းစားယူလိုက်တာဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှုတွေအကြောင်း RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။