အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ဝ အထူးဒေသရဲ့ မြို့တော် ပန်ဆန်းမှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့မှာတော့ တက်ရောက်လာကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေက အချက် ၇ ချက်ပါတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ကြီးကြပ်မှုအောက် မှာ ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိစွာနဲ့ တရားမျှတမှုရှိစွာ ကျင်းပဖို့ တိုက်တွန်းကြောင်းအပါဝင် အစိုးရစစ် တပ်တွေရဲ့ ထိုးစစ်တွေ ရပ်တန့်ပေးဖို့ တောင်းဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပဋိပက္ခတွေကို လက်နက်အင်အားအသုံးပြု ဖြေရှင်နေတာကို ကန့်ကွက်ကြောင်း၊ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း သွားသင့်ကြောင်း၊ အထွေထွေရွေးကောက်ပွဲပြီးနောက် ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်းပါဝင် ပြီး နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အမြန်ဆုံးဖော်ဆောင်ဖို့ ဆန္ဒရှိကြောင်း၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မဖြစ်မနေဖော်ဆောင်သွားရေး တိုက်တွန်းကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို ဖြေရှင်းဖို့၊ တရုတ်-မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိစေရေးအတွက် အမြန်ဆုံးဖော်ဆောင်သွားသင့်ကြောင်း၊၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို မဖြစ်မနေ ဆက်လက်လုပ်ဆောင်သွားဖို့လိုအပ်ကြောင်း စတဲ့အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။
UWSA ဝ တပ်ဖွဲ့ထိန်းချုပ်ရာ ပန်ဆန်းမြို့မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံကို ကချင် လွတ်မြောက်ရေးအဖွဲ့ KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ KNPP၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု NDAA၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO နဲ့ ကယန်းပြည်သစ်ပါတီ KNLP အဖွဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။
