လာမယ့် နွေရာသီမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ပြည်ထောင်စုရဲ့သီးသန့်ရန်ပုံငွေကနေ ကျပ် ၃၀ ဘီလီယံသုံးစွဲဖို့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တောက်ကို ဒီကနေ့ လာရောက်တင်ပြခဲ့တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က အခုနှစ် နွေရာသီ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှစ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်ပေးနိုင်ဖို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်စက်ကို ဒီဇယ်နဲ့ မောင်းနှင်မှာဖြစ်ပြီး စရိတ်သက်သာစွာနဲ့ ဓာတ်အားသုံးစွဲနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
"ယခုနှစ် နွေရာသီကာလအတွင်းတွင် ဓါတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဒီဇယ်ဖြင့် မောင်းနှင်မည်ဖြစ်ပြီး နိုင်ငံပိုင်သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံများ အဆင့်မြှင့် တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်သည့်ကာလတွင် အဆိုပါစက်များရပ်နားထားမှုကြောင့် ထွက်ရှိလာသည့် သဘာဝဓါတ်ငွေ့အား အသုံးပြုကာ အများပြည်သူအတွက် အကျိုးရှိစွာ ထုတ်လုပ်နိုင် မှာဖြစ်ပါတယ်"
နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ငွေကျပ် ၃၀ ဘီလီယံသုံးစွဲမယ့်ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးက ဆွေးနွေးခဲ့တာပါ။
အဲဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ဒီကနေ့ လျှစ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန တို့က ပြန်လည်ရှင်းလင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ နှစ်စဉ် ၁၅၀ မဂ္ဂါဝပ် ကနေ့ ၂၀၀ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်လုပ်မှု ပမာဏရဲ့ ၄၅ ရာခိုင်နှုန်းနီးပါးကို အသုံးပြုနေတယ်လို့ သိရပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ပင်မဓာတ်အားခွဲရုံနဲ့ ဓာတ်အားလိုင်းအချို့မှာ ဝန်အားပြည့်မီလာစေဖို့နဲ့ ဓာတ်အားလိုအပ်တဲ့နေရာမှာ လျှပ်စစ်ဓာတ်အားထုတ်စက်ကို ရွှေ့ပြောင်းတပ်ဆင်ပြီး ဓာတ်အားပေးနိုင်ရေး အတွက်လည်း စီစဉ်ထားတယ်လို့လည်း ဒေါက်တာ ထွန်းနိုင် က ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မှာ ပြောပါတယ်။