ရခိုင်ပြည်နယ်တစ်ခုလုံး ၂၄ နာရီ မီးလင်းနိုင်ရေး RNDP က စာတမ်း ပြုစု

ရခိုင်ပြည်နယ် တစ်ခုလုံး ၂၄ နာရီ ပုံမှန် မီးရရှိနိုင်ရေး အတွက် ရခိုင် တိုင်းရင်သား တိုးတက်ရေး ပါတီ RNDP က ပြုစုထားတဲ့ စာတမ်းတစ်စောင်ကို ပါတီ ဌာနချုပ်ရုံးရှိရာ စစ်တွေမြို့မှာ ပြည်သူလူထုကို မနေ့က ရှင်းလင်း ဟောပြောခဲ့ပြီး အစိုးရ တာဝန်ရှိသူတွေထံ မကြာခင် တင်ပြသွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကို တင်ပို့ရောင်းချဖို့ ရခိုင်ကမ်းလွန် ပင်လယ်ပြင်က ထုတ်ယူမယ့် သဘာ၀ ဓာတ်ငွေ့ထဲက (၂%)ကို အသုံးပြုခွင့်ရမယ် ဆိုရင် ရခိုင်ပြည်နယ် တစ်ခုလုံးကို မီးပေးနိုင်မှာ ဖြစ်ကြောင်း စာတမ်းမှာ အဓိက ဖော်ပြထားတယ်လို့ စစ်တွေမြို့နယ် RNDP ပါတီ အတွင်းရေးမှူး ဦးအောင်မြတ်ကျော်က ပြောပါတယ်။ ရခိုင်ကမ်းလွန် ပင်လယ်ပြင်က ထွက်တဲ့ သဘာ၀ ဓာတ်ငွေ့တွေ တရုတ် နိုင်ငံကိုရောင်းချဖို့ ယခင် စစ်အစိုးရ လက်ထက် ကတည်းက သဘောတူညီခဲ့ပြီး ဒေသခံတွေ သဘာ၀ ဓာတ်ငွေ့ကို အကျိုး မခံစားရဘဲ လယ်မြေ သိမ်းဆည်းခံရမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ကြုံခဲ့ရတယ်လို့ RNDP ပါတီက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RNDP ပါတီရဲ့ ရခိုင်ပြည်နယ် လွှတ်တော်အမတ် လည်းဖြစ်၊ ပါတီရဲ့ စစ်တွေမြို့နယ် အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးအောင်မြတ်ကျော်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထား ပါတယ်။