လျှပ်စစ်မီတာခ တိုးမြှင့်မယ့် ကိစ္စ ပြင်ဆင်တွက်ချက်ဖို့ ဝန်ကြီးကတိပြု

0:00 / 0:00

0:00 / 0:00

0:00 / 0:00

လာမယ့် နိုဝင်ဘာလကနေ စတင်တိုးမြင့်ကောက်ခံမယ့် လျှပ်စစ်ဓာတ်အားသုံးစွဲခ နှုန်းထားအသစ်တွေ ကို ပြန်ပြင်ဆင်တွက်ချက်ပြီး အစိုးရအဖွဲ့ကို တင်ပြသွားမယ်လို့ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ဒီနေ့ ကတိပြု ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံး မှာ ဒီနေ့ပြုလုပ်တဲ့ လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ စက်မှုဇုန်တွေက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာ လျှပ်စစ်ပြည်ထောင်စုဝန်ကြီးက ပြောသွား တာဖြစ်တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လှိုင်သာယာစက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က RFA ကိုပြောပါတယ်။

ဒါ့အပြင် လာမယ့်နွေရာသီမှာ စက်မှုဇုန်တွေကို လျှပ်စစ်ဓာတ်အား အပြည့်အဝပေးနိုင်မှာ မဟုတ်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လျှပ်စစ်ဝန်ကြီးဌာနက သတိပေးပြောကြားခဲ့တယ်လို့လည်း ဦးမြတ်သင်းအောင်က ပြောပါတယ်။

ဒီနေ့တွေ့ဆုံပွဲမှာ လျှပ်စစ်ဝန်ကြီးဌာနဘက်က ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပါအဝင် ရန်ကုန်တိုင်းလျှပ်စစ်ဝန်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့သလို လုပ်ငန်းရှင်တွေဘက်ကလည်း စက်မှုဇုန်ဥက္ကဌတွေနဲ့ အတွင်းရေးမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနဟာ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အိမ်သုံးမီတာအတွက် ယူနစ် ၁၀၀ အောက်သုံးစွဲရင် အရင်ဈေးနှုန်းအတိုင်း ပေးဆောင်ရမှာဖြစ်ပေမယ့် ယူနစ် ၁၀၀ အထက်သုံးစွဲရင် တစ်ယူနစ်ကို ၅၀ ကျပ်နှုန်း ကောက်ခံမှာဖြစ်ပါတယ်။

လုပ်ငန်းသုံးနဲ့ ရုံးသုံးမီတာခတွေကတော့ တစ်ယူနစ်ကနေ ယူနစ်ငါးထောင်အထိ တစ်ယူနစ်ကို ၁၀၀ ကျပ်ဖြစ်ပြီး ယူနစ်ငါးထောင်အထက်ကိုတော့ တစ်ယူနစ် ၁၅၀ ကျပ်နှုန်း ကောက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လှိုင်သာယာစက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်ကို RFA အဖွဲ့သား ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

လျှပ်စစ်မီတာခနှုန်းထားသစ် တိုးမြှင့်ရေးကိစ္စရပ်တန့်ထားဖို့ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

လျှပ်စစ်မီတာခနှုန်းထားသစ် တိုးမြှင့်မယ့်အစီအစဉ်ကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကန့်ကွက်ဆန္ဒပြနေကြတဲ့ နောက်ဆုံးအခြေအနေတွေကို RFA အဖွဲ့သား ကိုနေရိန်ကျော် တင်ပြထားတာ နားဆင်နိုင်ပါတယ်။