ည ၇ နာရီလောက်မှာ လူပေါင်း ၁၀၀ ခန့်က ဖယောင်းတိုင်များထွန်းကာ ဆူးလေဘုရားတဝိုက် စတင်စုဝေး လှည့်လည်ခဲ့ကြပါတယ်။
မြို့တော်ခန်းမအနီးမှ စတင်လမ်းလျှောက်ခဲ့ကြပြီး မဟာဗန္ဓုလလမ်းမကြီးနှင့် ၃၁ လမ်းထောင့် အရောက်တွင် ရဲမှူးကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် ရဲတပ်သားများက ရှေ့ဆက်မသွားကြရန်နှင့် လူစုခွဲရန် တားမြစ် ပြောဆိုခဲ့သည့်အတွက် ဆန္ဒပြလူစုမှာ ဆူးလေဘုရားဘက်သို့ နောက်ပြန်လှည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုအချိန်တွင် ဆူးလေဘုရားအနီး၌ ဖယောင်းတိုင်များ ကိုင်ဆောင်ထားသည့် လူများ ထပ်မံစုရုံးနေခဲ့ရာမှာ ရဲတပ်သားများက ဖယောင်းတိုင်များ ကိုင်ဆောင်လာသည့် ဆန္ဒပြသူများကို လက်ချင်းချိတ်၍ ဝိုင်းရံခေါ်ဆောင်လာကြပြီး ဆူးလေဘုရားပေါ်သို့ မတက်ရောက်ရန် မေတ္တာရပ်ခံခဲ့ကြောင်း၊ သို့သော်လည်း များပြားလာသည့်လူထုမှာ အတားအဆီးများကို ထိုးဖောက်၍ ဆူးလေဘုရား ရင်ပြင်တော်ပေါ်သို့ တက်ရောက်လှည့်လည်ကာ ဆီမီးကပ်လှူခဲ့ကြကြောင်း၊ အဲဒီနောက် ပထမဆုံး စတင်ဆန္ဒပြကြသည့် အဖွဲ့မှာ လူစုခွဲသွားခဲ့ကြသော်လည်း ထပ်မံရောက်ရှိလာကြသည့် လူများက ဖယောင်းတိုင်များကို ထွန်းညှိကိုင်ဆောင်ကာ ထပ်မံဆန္ဒ ဖော်ထုတ်ခဲ့ကြသည့်အတွက် လာရောက် ကြည့်ရှုနေကြသည့် လူထုမှာ ၂၀၀၀ ဝန်းကျင်ခန့်အထိ ရှိလာခဲ့ကြောင်း သိရပါတယ်။
ည ၈ နာရီခွဲခန့်တွင် ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး စုဝေးနေကြသည့် ဖယောင်းတိုင်ကိုင် ဆန္ဒဖော်ထုတ်သူများက "မီးလင်းပါစေ"ဟူသည့် ကြွေးကြော်သံများကို အော်ဟစ်၍ လမ်းမပေါ်သို့ တိုးထွက်လာကြသဖြင့် ရဲတပ်သားများက လူအုပ်ကို တားဆီး၍ နောက်ပြန် ဆုတ်စေခဲ့ပါတယ်။
ဒါပေမယ့် ကြွေးကြော်သံများမှာ ညကိုးနာရီခန့်အထိ ဆက်လက် ပေါ်ထွက်နေဆဲဖြစ်ပြီး လူထုက အားပေး လက်ခုပ်သံများမှာလည်း ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြသူလူထုသည် ည ကိုးနာရီခန့်မှာ လူစုကွဲသွားကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဒေါ်ခက်မာရဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့မှာလည်း မနေ့ညက တတိယမြောက်ညအဖြစ် ဆန္ဒပြ လမ်းလျှောက်ခဲ့ကြပြီး အဲဒီဆန္ဒပြပွဲဟာ သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြမှုနောက်ပိုင်း အကြီးမားဆုံး ဖြစ်ပါတယ်။
အဲဒီဆန္ဒပြ လမ်းလျှောက်ပွဲတွေဟာ မန္တလေးမြို့မှာ တနင်္ဂနွေနေ့ ညက စတင်ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီနောက် တနင်္လာနေ့မှာ မုံရွာမြို့နဲ့ အင်္ဂါနေ့ ညမှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အခြာကျတဲ့ ရန်ကုန်မြို့အထိ ပြန့်ပွားခဲ့တာ ဖြစ်ပါတယ်။
မန္တလေးက ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဒေါ်ခက်မာရဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။
